နေပြည်တော် ဇွန် ၁၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် နေသော အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီတို့ ပူးပေါင်းဖွင့်လှစ်သည့် Pipeline Regulation and Working Introduction သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်း စနစ်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဦးစီးဌာန/လုပ်ငန်းများမှ ဌာနအကြီးအကဲ များ၊ သင်တန်းနည်းပြများ၊ အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီမှတာဝန်ရှိသူများနှင့် သင်တန်း သူ/သင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းကို တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်အတူ ပိုက်လိုင်းတည်ဆောက်ရေးဆိုင်ရာ နည်းပညာများ၊ ပိုက်လိုင်း စောင့်ကြည့်မှုနည်းစနစ်များ၊ ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက် လုံခြုံရေးဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု ပညာရပ်များကို သိရှိနားလည်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသား /သင်တန်း သူများအနေဖြင့် မိမိတို့၏ လုပ်ငန်းခွင်ဆောင်ရွက်မှုများနှင့်နှိုင်းယှဉ်၍ စာတွေ့၊ လက်တွေ့ လေ့လာသိရှိသင်ကြားခွင့် ရရှိမည်ဖြစ်ပါကြောင်း ပြောကြားပြီး သင်တန်းခန်းမဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ Pipeline Regulation and Working Introduction သင်တန်းကို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ရေနံမြေနှင့် ဌာနအသီးသီးမှ သင်တန်းသား ၃၀ ကို SCADA System၊ Basic & Operation System၊ Pipeline Cathodic Protection Technology စသည့် ဘာသာရပ်များကို စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


