နေပြည်တော် ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်ရှိ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ၌ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး၊ ရောင်းချထားသော ဓာတ်အားခများရရှိရေးတို့နှင့် ပတ်သက်၍ ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူး၊ ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ် မန်နေဂျာ/ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်အားပြည့်နေသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သလို တည်ဆောက်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း စနစ်တကျ စီမံဆောင်ရွက်သွားရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးတို့ကိုလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုအချိန်တွင် ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်နိုင်မှုသည် သုံးစွဲမှုထက် လျော့နည်းနေသည့်အတွက် ဝန်အားထိန်းညှိခြင်း၊ ဝန်အားလျော့ချရခြင်းတို့ ဆောင်ရွက် နေရခြင်းဖြစ်ပါကြောင်း ထိုသို့ ဓာတ်အားထုတ်လုပ်မှု မလုံလောက်သည့် ကာလအတွင်း၌လည်း အချိန်သတ်မှတ်၍ အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးသည့် စနစ်ကိုလည်း ပြည်သူများသိရှိအောင် အသိပေးကြေငြာခြင်းများအပြင် ပြည်သူလူထု၏ မေးမြန်းလာမှုများကိုလည်း ပြေပြစ်ရည်ငံစွာ ဖြေကြားဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း။
မိမိတို့ဝန်ထမ်းများသည် ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့နေသူများဖြစ်၍ ပြည်သူလူထုကို နားလည်နိုင်စေရန် ရှင်းလင်းပြောကြားသွားကြရန် လိုအပ်ကြောင်း၊ လျှပ်စစ်မီတာများ ပုံမှန်ဖတ်ရှုခြင်းနှင့် Online Billing စနစ်ရရှိအောင် ဆောင်ရွက်၍ ပြည်သူများ Online Payment စနစ်ဖြင့် ဓာတ်အားခငွေ ပေးဆောင်နိုင်ရေး၊ ဓာတ်အားခများ လာရောက်ပေးသွင်းရာ၌ အချိန်တို၍ မြန်ဆန်အဆင်ပြေ ချောမွေ့စွာ ငွေလက်ခံနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဓာတ်အားသုံးစွဲမှုကို ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်ရန်အတွက် အခြားသော အရင်းအမြစ်များမှလည်း ထုတ်လုပ်နိုင်ရန်စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများအား ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံးနှင့် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် အချိန်မီဖြန့်ဖြူး ပေးပို့နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက် ဖြစ်ပါကြောင်း၊ ယခင် သုံးစွဲခဲ့သည့် ဓာတ်အားခကြွေးကျန်များ ကောက်ခံခြင်းများ အပါအဝင် သတ်မှတ်ရက်များ အတိုင်း မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း ကိစ္စရပ်များကိုလည်း တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


