နေပြည်တော် ၁၅ မတ်

COVID-19 အလွန် ခရီးသွားလုပ်ငန်းတိုးတက်ရေး အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပသည်။

အစည်းအဝေးတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က COVID-19 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic)အဖြစ် မတ် ၁၁ ရက်တွင် ကြေငြာခဲ့၍ ခရီးသွားလုပ်ငန်း ကျဆင်းခဲ့ရပါကြောင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းအချို့ ယာယီရပ်ဆိုင်းခြင်းနှင့် နယ်စပ် ဝင်/ထွက်ပေါက်များ ယာယီပိတ်ထားပြီး ပြန်လည်တည်ငြိမ်မည့် ကာလကိုမှန်းဆ၍ မရသေးပါကြောင်း၊ ထို့ကြောင့် စီးပွားရေး သက်ရောက်မှုများကို ကုစားနိုင်ရေးနှင့် COVID-19 အလွန်ကာလများအတွက် ဆောင်ရွက်ရမည့် အစီအစဉ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

‌ေ

 

ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်က COVID-19 ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ခရီးသွားလုပ်ငန်းများ၏ အခြေအနေနှင့် နိုင်ငံတော်မှ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားကြရာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက အကြံပြုဆွေးနွေးကြသည်။

(သတင်းစဉ်)