နေပြည်တော် ၂၃ မတ်

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဉီးတင်လတ်တို့သည် ယမန်နေ့ နံနက်ပိုင်းတွင်  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဒေသခံဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအား မကွေးမြို့၊ နန်းထိုက်သူဟိုတယ်၌တွေ့ဆုံ၍  COVID-19 အလွန်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ရေးဆိုင်ရာများကို  ဆွေးနွေးသည်။

 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဉီးတင်လတ်က COVID-19 ကာလအတွင်း လုပ်ငန်းအစီအမံများနှင့် COVID-19 အလွန် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စများကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များက COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အရေးပေါ်အခြေအနေအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှု အစီအမံများ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) ဆိုင်ရာ အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။  

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း Ecotourism Site ဖြစ်လာနိုင်သည့် ရွှေစက်တော်ဒေသအခြေအနေ၊ ဟိုတယ်ဇုန်လျာထား မြေနေရာနှင့် မန်းချောင်းဆင်စခန်း၊ ရွှေစက်တော်ဘေးမဲ့တောရှိ မြန်မာ့မျိုးရင်း ရွှေသမင်နှင့် ကြယ်လိပ်များ မွေးမြူစောင့်ရှောက်ထားရှိမှုများကို လေ့လာကြည့်ရှုကြသည်။

 

ထို့အတူ ဒုတိယဝန်ကြီး ဉီးတင်လတ်သည် မန္တလေးနှင့် မကွေးဒေသ ခရီးသွားလုပ်ငန်း              ကဏ္ဍအတွင်း အခြေခံပို့ဆောင်ရေးလုပ်ငန်းများတွင် ဝန်ဆောင်မှုများ အဆင့်မြင့်မားစေရေးအတွက် မတ် ၂၁ ရက် နံနက်ပိုင်းတွင် မန္တလေးဧည့်လမ်းညွှန်များအသင်း၊ ပုဂံဧည့်လမ်းညွှန်များအသင်းမှ ဉက္ကဋ္ဌနှင့်တာဝန်ရှိသူများအား တွေ့ဆုံကာ ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း အခြေခံပို့ဆောင်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေသူများအား ဝန်ဆောင်မှုအရည်အသွေး တိုးတက်စေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊  ပို့ချပေးမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် အမရပူရမြို့နယ်၊ တောင်သမန်အင်းရှိ တောင်မင်းကြီးကျောင်းတွင် ငှက်လှေသမားအသင်း၊ အင်းဝမြို့တွင် မြင်းလှည်းမောင်းသမားအသင်း၊ ညနေပိုင်းတွင် ပုဂံမြို့၊ Bagan Information and Training Center-BITC (ဘုတ်ကျောင်း)တွင် ပုဂံဒေသရှိ စက်လှေမောင်းသမားအသင်း၊ မြင်းလှည်းမောင်းအသင်းတို့နှင့် တွေ့ဆုံဆွေးနွေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ ယင်းတိုင်းတောင် ဒေသရှိ မြိုင်လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT) သို့ သွားရောက်ကာ ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှု၊ ယင်းတိုင်းတောင်ဆည်ရှိ သစ်ပင်၊ ပန်းပင်များနှင့် အိပ်ခန်းဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်