နေပြည်တော် ၁၅ စက်တင်ဘာ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင် သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ Pullman Yangon Centrepoint Hotel ၌ ပြုလုပ်သည့် မြန်မာ့ခရီးသွားလုပ်ငန်းအမှတ်တံဆိပ် အသစ်ဖြစ်သောMyanmar:be enchanted (စွဲမက်ဖွယ်ရာပြည်မြန်မာ) မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့ခရီးသွားလုပ်ငန်းသည် နည်းပညာပြောင်းလဲမှုများနှင့်အတူ ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်မှုများသည်လည်း ဒီဂျစ်တယ် နည်းပညာများ အသုံးပြု၍ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်း၏ အမှတ်တံဆိပ်ဖြစ်သည့် Myanmar : Let the Journey Begin ကို၂၀၁၃ ခုနှစ်တွင်စတင်အသုံးပြုခဲ့ပါကြောင်း၊ ထို့ပြင် ယခုမျက်မှောက် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည်အစပြုနေဆဲအဆင့်မဟုတ်ဘဲ အရှိန်ရလာပြီဖြစ်၍ အမှတ်တံဆိပ် အသစ်ဖြင့် ပြန်လည်မြှင့်တင်နိုင်ရန်ဆောင်ရွက်ခဲ့ရာ ယနေ့သည် အမှတ်တံဆိပ် အသစ်ကို ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ပုဂ္ဂိုလ်များအားလုံးကို အသိပေးမိတ်ဆက်သည့် အခမ်းအနားဖြစ်ပါကြောင်း။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားသည့် သက်ဆိုင်ရာ ကော်မတီများ၊ ညီနောင်အသင်းများအနေဖြင့်လည်း ယခုမိတ်ဆက်သည့် တံဆိပ်အသစ်ကို အသုံးပြုရန်နှင့် မြှင့်တင်ကြော်ငြာရန်ဆောင်ရွက် သွားကြစေလိုကြောင်း၊ လာမည့် JATA Tourism Expo 2018 တွင်လည်းတံဆိပ်အသစ်ကို နိုင်ငံတကာသို့ မြှင့်တင်ကြော်ငြာခြင်းဖြင့် ခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ခရီးသွားလုပ်ငန်း အမှတ်တံဆိပ်အသစ်ဖြစ်သည့် Myanmar : Be Enchanted အကောင်အထည်ဖော်ရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများက ခရီးသွားလုပ်ငန်း အမှတ်တံဆိပ်အသစ်နှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် ဧည့်သည်များနှင့် စာနယ်ဇင်းများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီးတာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)