နေပြည်တော် ၂၇ ဒီဇင်ဘာ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယမန်နေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲရှိ Bagan Information & Training Center ၌ ကျင်းပသည့် ပုဂံရုံးခွဲမှ ဖွင့်လှစ်ထားသော Information Counter များတွင် ခရီးသွားလုပ်ငန်းအထောက်အကူပြု QR Code များနှင့် Digital Concierge System တပ်ဆင်မှု စတင်သည့် အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းသည် အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုပေးရသည့် “Do it now” ဟု ခေါ်ဆိုရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှု ပေးနေသည့်ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိရေးသည် လွန်စွာအရေးကြီးပြီး ဧည့်သည်များ သိရှိလိုသည့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီပေးနိုင်ရေးသည် လွန်စွာ အရေးကြီးသဖြင့် ခေတ်နှင့်လျော်ညီသည့် သတင်းအချက်အလက်ပေးနိုင်သည့် စနစ်များကို ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ ခေတ်နှင့်လျော်ညီသည့် Digital စနစ်များမှ တစ်ဆင့် နိုင်ငံ၏ခရီးသွားလုပ်ငန်းမြှင့်တင်မှုများကို အကျိုးရှိစွာ အသုံးပြုခြင်းဖြင့် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်စေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် ကျော်က QR Code များနှင့် Digital Concierge System တပ်ဆင်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ညောင်ဉီးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရှေးဟောင်းသုသေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ Bagan Information & Training Center (BITC) ၊ ပုဂံမြို့သစ်ရှိ Information Counter နှင့် ညောင်ဦးလေဆိပ်ရှိ Information Counter များသို့သွားရောက်ကာ QR Code များနှင့် Digital Concierge System များကို သတ်မှတ်နေရာများတွင် တပ်ဆင်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၀ ခုနှစ် ၊ ဧပြီလအတွင်း ပုဂံမြို့၌ ကျင်းပမည့် (၄၅) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ၊မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၀ ကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များအား အဆင့်အတန်းမီစွာ တည်ခင်းဧည့်ခံနိုင်ရေး ၊ အမှတ်တရ ပစ္စည်းများ ဝယ်ယူနိုင်စေရေးအတွက် စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ ၊ ယွန်းထည်ပစ္စည်းဆိုင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အလားတူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်နှင့်တာဝန် ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် သီပေါမြို့သို့ သွားရောက်ကာ ခရီးသွား ဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေး၊ ဘေးကင်းလုံခြုံရေးနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို ထိရောက်မြန်ဆန်လွယ်ကူစွာ ရရှိနိုင်ရန်အတွက် ဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့်ပြုလုပ်ထားသည့် QR code များကို ဟိုတယ်များတွင် ထားရှိနေမှုအခြေ အနေများနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ QR Code များ အသုံးပြုနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သီပေါမြို့ရှိဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ ၊ ခရီးသွားလုပ်ငန်းရှင်များ ၊ ဧည့်လမ်းညွှန်များနှင့်တွေ့ဆုံ၍ သီပေါခရီးစဉ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်နိုင်ငံခြားသားခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးတင်လတ်နှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့သို့ သွားရောက်ကာ ဒေသခံဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ပြင်ဦးလွင် ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံရေး ဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြင်ဦးလွင် ရုံးခွဲသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)