နေပြည်တော် ၁၁ မေ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အရာထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ရုံးခွဲတာဝန်ခံများအား Video Conferencing ဖြင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခု ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းသိမ်းရေးအတွက် မိမိတို့ဒေသတွင်းရှိ ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ကာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီမှတစ်ဆင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များကို ပံ့ပိုးကူညီဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ အလွန်ကာလတွင် ကျန်းမာရေးအရ လုံခြုံစိတ်ချရပြီး သန့်ရှင်းသော ခရီးစဉ်ဒေသများ ဖြစ်ပေါ်လာရေး ကိစ္စရပ်များ အပါအဝင် ခရီးစဉ်ဒေသများကို စီမံခန့်ခွဲပေးနိုင်မည့် Destination Management Organization များ ဖွဲ့စည်းနိုင်ရေး၊ ကျန်းမာရေး အသိရှိပြီး တီထွင်ဆန်းသစ်မှုများ ပြုလုပ်ကာ Digital နည်းပညာနှင့် ပေါင်းစပ်ပြီး ဝန်ဆောင်မှု ကောင်းစွာပေးနိုင်သော ခရီးသွားလုပ်ငန်း ပေါ်ထွက်လာရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးအတွက် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး၊ Destination Management Organization ဖွဲ့စည်းရေးတို့နှင့် စပ်လျဉ်း၍ ဖြည့်စွက်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


