နေပြည်တော် ၂၃ မတ်

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဉီးတင်လတ် တို့သည် တိုင်းဒေသကြီးပြည်နယ်များမှ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူးများနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန နယ်ရုံးခွဲ (၃၇) ခုမှ တာဝန်ခံများအား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌  Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က  ဝန်ကြီးဌာနအနေနှင့် ၂၀၂၀ ဖေဖော်ဝါရီ တွင် ပထမဆုံးအကြိမ် နယ်ရုံးခွဲများကို  Video Conferencing  နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ယခင် သီတင်းပတ်က နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းရုံးခွဲများနှင့် Video Conferencing လုပ်ခဲ့ပါကြောင်း၊ ယနေ့ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူးများအပါအဝင် ရုံးခွဲ (၃၇) ခုလုံးနှင့် တွေ့ဆုံပါကြောင်း၊ ထိုသို့ တွေ့ဆုံမှုများသည် ၀န်ကြီးဌာန၏ လုပ်ငန်းလုပ်ဆောင်မှု ပိုမိုမြန်ဆန်သွက်လက် ထိရောက်ရန် ရည်ရွယ်ပါကြောင်း၊ COVID-19 ကြောင့် လူစုလူဝေးမလုပ်ရန် နိုင်ငံတော်မှ ညွှန်ကြားထားသည့် အချိန်တွင် အလုပ်မပျက်၊ ခရီးစရိတ်မကုန်၊ နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်လာသည့် အကျိုးကျေးဇူးများ ရရှိရန်မျှော်လင့်ပါကြောင်း။

 

COVID- 19 ကြောင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍကို များစွာထိခိုက်နေသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးဆောင်၍ COVID- 19 တားဆီးကာကွယ် ထိန်းချုပ်ရေးနှင့် COVID- 19 ကြောင့် စီးပွားရေးထိခိုက်မှုများကို ကုစားပေးရေးအတွက် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု နည်းပါးနေသည့် အချိန်တွင် ၀န်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ပေးမည့် သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပါကြောင်း၊ လက်ရှိခရီးစဉ် ဒေသများ၏  လိုအပ်ချက်များကို ပြုပြင်ရန်နှင့် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်နိုင်မည့် နည်းလမ်းများရှာဖွေရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာရုံးခွဲများအနေဖြင့် မိမိဒေသတွင်  မည်သည့်လုပ်ငန်းများ လုပ်ဆောင်မည်ဆိုသည်ကို ၃ လ စီမံချက်၊ ၆လ စီမံချက် စသည်ဖြင့် ပြင်ဆင်တင်ပြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် ခရီးသွားဧည့်သည်များကို  ၀န်ဆောင်မှုပေးနိုင်ရန် digitalization နှင့် online စနစ်ကို ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့် လိုအပ်သည့် အရည်အချင်းများ ပြည့်ဝနေရန် လိုအပ်ပါကြောင်းပြောကြားသည်။

 

ထို့နောက် သက်ဆိုင်ရာရုံးခွဲအလိုက် တာဝန်ခံများက ၄င်းတို့၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့် ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ခရီးသွားလာရေးနှင့်စပ်လျဉ်း၍ COVID-19 ကူးစက်ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းများ ပူးပေါင်းအကောင်အထည်ဖော်မှုများနှင့် တင်ပြရန်ရှိသည်များကို ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်