နေပြည်တော် ၁၁  အောက်တိုဘာ

           

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ တရုတ်ခရီးသွားမြှင့်တင်ရေးအဖွဲ့၊ ဂျပန် ခရီးသွားမြှင့်တင်ရေးအဖွဲ့ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ခရီးသွားမြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းသည်။

           

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက မကြာမီကာလတွင် မကာအိုအထူးအုပ်ချုပ်ခွင့်ရ ဒေသတွင်ပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်း စီးပွားရေးဖိုရမ် - ၂၀၁၉ နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွေ့လင်းမြို့တွင်ပြုလုပ်မည့် တရုတ်-အာဆီယံခရီးသွားလုပ်ငန်းပြပွဲ -၂၀၁၉ တွင် မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်မည့်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်၍ မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးနှင့် နိုင်ငံ့အကျိုးကို အလေးထားဆောင်ရွက်ကြရန်မှာကြား လိုပါကြောင်း၊ ထို့ပြင် ဂျပန်နိုင်ငံ၌ ကျင်းပသွားမည့် JATA Expo 2019 ပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် ချစ်ကြည်ရင်းနှီးမှုရှိသော မြန်မာ-ဂျပန် ဆက်ဆံရေးကိုထိန်းသိမ်း၍ ခရီးသွားမြှင့်တင်ရေးကို ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ပြပွဲတွင် မြန်မာနိုင်ငံ၏ရိုးရာ အစားအသောက်များ၊ အကအလှများလည်း ပါဝင်ပြသနိုင်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြပွဲများသွားရောက်ပြသရာတွင် နိုင်ငံ၏ခရီးသွားလုပ်ငန်းတိုးတက်စေရန် ဉီးစားပေး ဆောင်ရွက်ပေးကြပါရန် မှာကြားလိုပါကြောင်း ပြောကြားသည်။           

 

ထို့နောက် တက်ရောက်လာကြသည့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန  ညွှန်ကြား ရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းတာဝန်ရှိသူများမှ ပြပွဲများတွင် ပြသရန်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်