နေပြည်တော်  ၁  မတ် 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဉီးတင်လတ် တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ Lottee Hotel ၌ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာလီဆန်းဟွာ ဉီးဆောင်သော ရန်ကုန်မြို့ရှိ ကိုရီးယားသမ္မတနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ သူများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့၏ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ကာလရှည်ကြာပြီး ကောင်းမွန်သည့် ဆက်ဆံရေးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ကိုရီးယားသမ္မတ နိုင်ငံမှရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံအလိုက် ဆဌမနေရာတွင်ရှိပါကြောင်း၊ ကိုရီးယားလူမျိုးခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်ဝင်ရောက်လျှက်ရှိပါကြောင်း ၊ မြန်မာ-ကိုရီးယား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်း အဖွဲ့ကို သီးခြားဖွဲ့စည်းဆောင်ရွက် လျှက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ကိုရီးယားနိုင်ငံမှ မီဒီယာများပါဝင်သော Korea FAM Trip များစီစဉ်ဆောင်ရွက်ခြင်းကဲ့သို့ လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုကာလတွင်တွေ့ကြုံနေရသည့် COVID -19 ဗိုင်းရပ်စ် ကမ္ဘာတစ်လွှားသို့ပျံ့နှံ့နေမှုမှာခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အတွက်စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းအခြေအနေကိုကျော်ဖြတ်နိုင် ပြီးခရီးသွား လုပ်ငန်းပြန်လည်ဖွံ့ဖြိုး တိုးတက်လာ မည်ဟုယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ကိုရီးယားသမ္မတနိုင်ငံမှဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံသူများမှ သိရှိလိုသည်များကိုဆွေးနွေးမေးမြန်းခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပညာရေးဝန်ကြီးဌာန ၊ အဆင့်မြင့် ပညာဉီးစီးဌာနလက်အောက်ရှိ ရန်ကုန်မြို့အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ကျောင်းတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းပညာ ဘာသာရပ် အထူးပြုတတိယနှစ် အထူးပြုကျောင်းသားများ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းခွင်များတွင်အလုပ်သင်(၆) လသွားရောက်လေ့လာနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘွဲ့(ခရီးသွားလုပ်ငန်း) ဘွဲ့ကို ၂၀၁၂/၂၀၁၃ ပညာသင်နှစ်မှစတင်၍ လှစ်ခဲ့သည်မှာ ယခုနှစ်ပညာ သင်နှစ် အထိဆို လျှင် (၈)နှစ်ရှိပြီဖြစ်ပါကြောင်း ၊ ၂၀၁၇/၂၀၁၈ ပညာသင်နှစ်မှစ၍ ဝိဇ္ဇာဘွဲ့ (ဧည့်ဝန်ဆောင်မှုစီမံ ခန့်ခွဲမှုပညာ)အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ပါကြောင်း ၊ အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီကောလိပ် (ရန်ကုန်)မှ တတိယနှစ်ကျောင်းသား/ကျောင်းသူများ (၆)လ အလုပ်သင်အဖြစ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာလုပ်ငန်းခွင်များတွင် လုပ်ကိုင်နိုင်ရေးကူညီဆောင်ရွက်ပေး စေလိုပါကြောင်း ပြောကြားသည်။ 

ထို့နောက် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် Service Ministry ပြောင်းလဲ ဆောင်ရွက်လျှက်ရှိရာ Quantityမှ Quality ခရီးသွားလုပ်ငန်းဖြစ်အောင် ဆောင်ရွက်နေပါကြောင်း ၊ ယခု Internship ဆင်းကြမည့် ကျောင်းသားများအတွက်လည်း Proper Internship ၊ Quality Internship ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးပါရန်ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်မြို့အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ကျောင်းတာဝန်ရှိပုဂ္ဂိုလ်များမှ လုပ်ငန်းခွင်သင်တန်းဆင်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့ တာဝန်ရှိသူများ ၊ FDI ဟိုတယ်လုပ်ငန်းရှင်များ၊ အသင်းတာဝန်ရှိသူများနှင့် လေကြောင်း လိုင်းတာဝန်ရှိ သူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)