နေပြည်တော်  ၃   နိုဝင်ဘာ 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ပုဂံမြို့သို့ ရောက်ရှိကာ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ပုဂံ၌ ကျင်းပပြုလုပ်မည့် မဟာမဲခေါင်ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ခရီးသွားလုပ်ငန်းဖိုရမ် အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေးနှင့် ဟိုတယ်များအဆင့်အတန်းမီ ဝန်ဆောင်မှုပေးနိုင်စေရေး အတွက်ပုဂံမြို့ရှိဟိုတယ်များသို့ ကွင်းဆင်းစစ်ဆေးသည်။

 

a

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် Bagan Information and training Center ၌ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)၊  မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ပုဂံဇုံ)၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များ အသင်း(ပုဂံဇုန်)၊ မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးအသင်း (ပုဂံဇုန်) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မဟာမဲခေါင်ခရီးသွားလုပ်ငန်း အစည်းအဝေးနှင့်  မဲခေါင်ခရီးသွားဖိုရမ် အဆင်ပြေ ချောမွေ့စွာ ကျင်းပနိုင်ရေးနှင့်ပုဂံဒေသခရီးသွားလုပ်ငန်း တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးသည်။

 

a

 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၀ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံက အလှည့်ကျကျင်းပရန်ရှိသော မဟာမဲခေါင်ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွား ဖိုရမ်ကျင်းပမည်ဖြစ်ပြီး ဝန်ကြီးဌာနပိုင်းမှ အစည်းအဝေးနှင့် အခမ်းအနားများ ကျင်းပရေးအတွက် ကြီးမှူးဆောင်ရွက်သွားမည်ဖြစ်၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရေးအတွက် ပုဂ္ဂလိကပိုင်းမှ ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားကာ ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာလှည့် ခရီးသည် ပိုမိုဝင်ရောက်ရေးအတွက် ပြည်ဝင်ဗီဇာ လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဖြေလျော့ဆောင်ရွက်မှုများ၊ နိုင်ငံတကာခရီးသွား ဆွေးနွေးပွဲ များနှင့်ပြပွဲများတွင် ပါဝင်မြှင့်တင်ဆောင်ရွက်နေမှုများ၊ ခရီးသွားလုပ်ငန်းကို Digital စနစ်ဖြင့် မြှင့်တင်ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ခရီးသွားလုပ်ငန်းကဏ္ဍတွင် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အသေးစားနှင့် အလတ်စား ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေးပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မဟာမဲခေါင်ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဲခေါင်ခရီးသွားဖိုရမ် ဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေးနှင့် ဟိုတယ်များအဆင့်အတန်းမီဝန်ဆောင်မှု ပေးနိုင်စေရေးအတွက်ပုဂံမြို့ရှိဟိုတယ်များသို့ ဆက်လက် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော သီရိပစ္စယာဆာကူရာဟိုတယ်သို့ ရောက်ရှိ ပြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပုဂံ−ညောင်ဦးဒေသ၌ဟိုတယ်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးရေးနှင့် ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)