ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ အာဆီယံအစားအစာချက်ပြုတ်ခြင်းပွဲတော်သို့ တက်ရောက်

နေပြည်တော်  ၇  ဒီဇင်ဘာ 

 

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ (၂၈)ရက်မှ ဒီဇင်ဘာ (၁)ရက်အထိ ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ Convention and Exhibition Center (COEX) ၌ကျင်းပသည့် အာဆီယံအစားအစာ ချက်ပြုတ်ခြင်းပွဲတော် (ASEAN Culinary Festival-2018) သို့ တက်ရောက်သည်။

 

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ဆိုးလ်မြို့ရှိ အင်ချွန်း လေဆိပ်သို့ ရောက်ရှိပြီး မွန်းလွဲပိုင်းတွင် အာဆီယံ-ကိုရီးယား ဗဟိုဌာနသို့ သွားရောက်၍ ASEAN Korea Centre (AKC) မှ အထွေထွေ အတွင်းရေးမှူးချုပ် H.E Mr. Lee Hyuk၊ ယဉ်ကျေးမှုနှင့်ခရီးသွား လုပ်ငန်းဌာန၏ ညွှန်ကြားရေးမှူး ဒေါ်ခိုင်မီမီထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံကာ နှစ်နိုင်ငံခရီးသွား လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးသည်။

 

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် COEX Center တွင် ကျင်းပသည့် ASEAN Culinary Festival-2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားတွင် အာဆီယံ-ကိုရီးယားဗဟိုဌာန၏ အထွေထွေအတွင်းရေမှူးချုပ် H.E Mr. Lee Hyuk က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုစကားပြောကြားသည်။

 

 

ဆက်လက်၍ လာအိုပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ဆုတောင်းစကား ပြောကြားပြီး အာဆီယံနိုင်ငံ အသီးသီး၏ အကြီးအကဲများက နိုင်ငံကိုယ်စားပြု စားဖိုမှူးများ အားစားဖိုမှူးခေါင်းဆောင်းများ အပ်နှင်းတပ်ဆင်ပေးခြင်း အခမ်းအနား (Toque Ceremony) ကို ကျင်းပသည်။ ယင်းနောက် ကိုးရီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံ ကိုယ်စားပြု စားဖိုမှူး (၂)ဦးက ကိုရီးယား - မလေး ပေါင်းစပ်ကြက်သား ဟင်းလျာနှင့် ထမင်းတို့ကို (Live Cooking Show) ချက်ပြုတ်သရုပ်ပြခဲ့ပါသည်။ ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဆန်ကိုအခြေခံ၍ ပြုလုပ်ထားသော ရိုးရာအစားအစာများနှင့် အချိုပွဲများ ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုသည်။

 

 

 

ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားတက်ရောက်စဉ်ကာလအတွင်း သတင်းမီဒီယာများ ဖြစ်သော မြန်မာနိုင်ငံမှ Eleven Media ၊ ကိုရီးယားနိုင်ငံမှ Maeil Business Newspaper နှင့် Joongang Daily Newspaper တို့က မေးမြန်းသော မြန်မာနိုင်ငံ၏ လတ်တလော ခရီးသွားလုပ်ငန်း အခြေအနေများနှင့် အစားအစာ ခရီးသွားလုပ်ငန်းဆိုင်ရာ အကြောင်းအရာများကို ဖြေကြားပေးသည်။

 

 

ယင်းအခမ်းအနားတွင်  မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် အင်းဝစားသောက်ဆိုင်မှ စားဖိုမှူး ဒေါ်ခင်ဝင်းမြင့်က မြန်မာနန်းကြီးသုပ်နှင့် ရွှေကြည်ဆနွင်းမကင်းအား ပါဝင်ပြသခဲ့ပါကြောင်း သိရသည်။ အခမ်းအနားသို့ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊အထူးဧည့်သည်တော်များ၊ အာဆီယံ - ကိုရီးယား ဗဟိုဌာန၏ မိတ်ဖက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြပြီး ပွဲတော်ကျင်းပသည့် (၄) ရက်တာ ကာလအတွင်း ဧည့်ပရိသတ် (၅၀၈၃) ဦးခန့် လာရောက်ကြည့်ရှု အားပေးသည်။

 

 

နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ  ဆိုးလ်မြို့ အင်ချွန်းလေဆိပ်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။ 

 

 

(သတင်းစဉ်)