mdn

နေပြည်တော်  ၂၁    ဇွန် 

 

၂၀၁၉ခုနှစ် ကမ္ဘာလုံးဆိုင်ရာသယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှုဖော် ဆောင်ရေးညီလာခံ 2019 Extractive Industries Transparency Initiated (EITI) Global Conference ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် ပြင်သစ်နိုင်ငံ ပါရီမြို့ OECD Conference Center ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းနှင့် အဖွဲ့တက် ရောက်ခဲ့သည်။

 

ညီလာခံဖွင့်ပွဲအခမ်းအနားတွင် International EITI Board အဖွဲ့ ဥက္ကဌ Mr. Fredrik Reinfeldtနှင့် ပြင်သစ်နိုင်ငံ၊ ဥရောပနှင့်နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ဝန်ကြီး Jean-Baptiste Lemoyne တို့က အဖွင့်အမှာစကားများပြောကြားသည်။ 

 

ထို့နောက် ၂၀၁၉ခုနှစ်၊ သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးစံချိန်စံညွှန်းများအား ဇွန် ၁၇ ရက်တွင်ကျင်းပခဲ့သည့် (၄၃)ကြိမ်မြောက် International EITI Board အစည်းအဝေးတွင် အတည်ပြုပြဌာန်းခဲ့ကြောင်း တရားဝင်ထုတ်ပြန် ကြေညာခဲ့ပြီး ယနေ့ကမ္ဘာတွင် သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှု ဖော် ဆောင်ရေးနှင့်စပ်လျဉ်း၍ ပြောင်းလဲဖြစ်ပေါ်လာသည့် အခြေအနေများနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အစိုးရ၊ ကုမ္ပဏီနှင့် အရပ်ဘက် အဖွဲ့အစည်းတို့မှဖိတ်ကြားထားသော ပုဂ္ဂိုလ်များကရှု့ထောင့်အသီးသီးမှ ဆွေးနွေးတင်ပြ ခဲ့ကြသည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် OECD Conference Center အတွင်းမြန်မာနိုင်ငံအပါအဝင် EITI အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံပေါင်း (၅၂)နိုင်ငံတို့မှ ခင်းကျင်းပြသထားသည့် သယံဇာတတူးဖော် ထုတ်လုပ်မှု ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးဆောင်ရွက်နေမှုများ၊ အစီရင်ခံစာများအား ကြည့်ရှု့လေ့ လာခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် International EITI Board အဖွဲ့၏ဥက္ကဌ Mr. Fredrik Reinfeldtခေါင်းဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍မြန်မာနိုင်ငံအနေဖြင့် EITI အဖွဲ့ဝင်လောင်းနိုင်ငံမှအဖွဲ့ဝင်နိုင်ငံအဖြစ် တိုးမြှင့်သတ်မှတ်နိုင်ရေးအတွက် (၄၃)ကြိမ် မြောက် International EITI Board အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အချက်များ နှင့်စပ်လျဉ်း၍အလွတ်သဘောရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တွင်းထွက်သယံဇာတများ စီမံအုပ်ချုပ်မှုပိုမို အားကောင်းလာစေရန်အတွက် EITI မှတစ်ဆင့် အစီရင်ခံစာများကို အများပြည်သူသို့ အသိပေး ထုတ်ပြန်ပေးခြင်း from reports to disclosure using the EITI to strengthen government နှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲသို့ တက်ရောက်သည်။

 

ညီလာခံဒုတိယနေ့တွင်ပြည်ထောင်စုဝန်ကြီးသည် Showcasing leadership on the transparency agenda ခေါင်းစဉ်ဖြင့်ကျင်းပသည့် EITI Stakeholders Forum တွင် မြန်မာနိုင်ငံအစိုးရ အနေဖြင့်တွင်းထွက်သယံဇာတများ တူးဖော်ထုတ်လုပ်ရောင်းချရာ၌ ပွင့်လင်း မြင်သာမှုရှိရေး၊ သတင်းအချက်အလက်များကို ပြည်သူသို့စနစ်တကျ ထုတ်ပြန်နိုင်ရေး၊ လက်ရှိ နှင့်အနာဂတ်နိုင်ငံသူ/ နိုင်ငံသားများအတွက်အကျိုးအမြတ် အများဆုံးဖြစ်စေ ရေး၊ ပတ်ဝန်းကျင်နှင့် ဒေသခံတို့၏လူမှုစီးပွားရေး ထိခိုက်ပျက်စီးမှု တတ်နိုင်သမျှ လျော့နည်း သက်သာစေရေး တို့အတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားသည်။

 

ယင်းနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ စွမ်းအင်နှင့်သတ္တုသယံဇာတများဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Prof. AkhmadSyakhroza ဦးဆောင်သောအင်ဒိုနီးရှားနိုင်ငံ EITI အဖွဲ့နှင့် Natural Resource Governance Institute ၏ဥက္ကဌ Mr.Daniel Kaufmann ဦးဆောင်သောအဖွဲ့ တို့အား သီးခြားစီတွေ့ဆုံ ခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့်EITI အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ၏ အတွေ့အကြုံသင်ခန်းစာများ အပေါ်လေ့လာဆွေးနွေးတိုင်ပင်ခြင်း၊ အကြံပြုသဘောထား မှတ်ချက်များရယူခြင်း၊ တွင်းထွက်သယံဇာတများစီမံအုပ်ချုပ်ရာတွင် လိုအပ်သည့် နည်းပညာ ပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာအတွေ့အကြုံများမျှဝေခြင်းများနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးသည်။

 

မြန်မာနိုင်ငံသည်၂၀၁၄ခုနှစ် ဇူလိုင်လတွင် မက္ကဆီကိုနိုင်ငံ၌ ကျင်းပခဲ့သည့်  International EITI Board အစည်းအဝေး သဘောတူညီချက်အရ EITI အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ်စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်တွင်အစိုးရ၊ ကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့အစည်း များမှကိုယ်စားလှယ်များပါဝင်ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ သဘောတူညီ ချက်ဖြင့်၂၀၁၃ခုနှစ်မှ၂၀၁၆ခုနှစ်အထိသယံဇာတတူးဖော် ထုတ်လုပ်မှုများဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ၊ သတင်းအချက်အလက်များပါဝင်သည့် အစီရင်ခံစာ(၄)ခုကို ထုတ်ပြန် နိုင်ခဲ့ပြီး၂၀၁၇-၂၀၁၈ဘဏ္ဌာရေးနှစ်အတွက် အစီရင်ခံစာထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက် ရှိရာ အဖွဲ့ဝင်လောင်းနိုင်ငံအဆင့်မှ EITI အဖွဲ့ဝင်နိုင်ငံဖြစ်ရေး EITI နိုင်ငံတကာစံနှုန်းများ ပြည့်မီရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။     
         
 (သတင်းစဉ်)