နေပြည်တော် ၂၁ ဒီဇင်ဘာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖိုးဇောင်တောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၀)အတွင်း နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်း၊ မိုင်တိုင်အမှတ်(၁/၂)အနီး ၂၀၂၀ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရန် မြေနေရာရွေးချယ်ထားမှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ စိုက်ခင်းမြေနေရာ ပြုပြင်ခြင်း၊ ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေးအတွက် ဗာတီဗာမြက်များ စိုက်ပျိုးခြင်း၊ နုန်းတားဆည်များ၊ ရေထိန်းတမံငယ်များ တည်ဆောက်ခြင်းတို့နှင့် စပ်လျဉ်း၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ်၊ ဖိုးဇောင်တောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၇)အတွင်း၊ နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်း၊ မိုင်တိုင်အမှတ် (၂/၃)အနီး ၂၀၁၈ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးထားသည့် ဝါးမျိုးစုံ၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ တမလန်း စသည့်အဖိုး တန်သစ်မျိုးများ၊ ပန်းမယ်ဇလီ၊ ငုရွှေဝါ၊ ပုန်းညှက်၊ မယ်ဇလီ၊ တမာ၊ ယင်းမာ၊ အင်ကြင်း အစရှိသည့် သစ်မာမျိုးစုံ စုစုပေါင်း (၃၃၃)ပင် ရှင်သန်အောင်မြင်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဖိုးဇောင်တောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၁၆)၊ နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်း၊ မိုင်တိုင်အမှတ်(၂/၅)အနီး မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားပြုလုပ်မည့် စိုက်ခင်းမြေနေရာ ရွေးချယ်ထားမှုအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်၊ အရိုးအထူးကု ဆေးရုံအနီး သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ၂၀၁၈ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် ကလွေဝါးနှင့် ဝါးဘိုးကြီး ဝါးစိုက်ခင်းအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လာမည့် မိုးရာသီတွင် မူလစိုက်ပျိုးခဲ့သည့် ဝါးမျိုးစိတ်များဖြင့်သာ ပြန်လည်ဖာထေးစိုက်ပျိုးရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်-ကံပြားလမ်း၊ မိုင်တိုင်အမှတ်၁၃/၂နှင့် ၁၃/၇ကြား၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၉)နှင့် (၃၀)အတွင်းရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း၏ လှူဒါန်းငွေဖြင့် သစ်တောဦးစီးဌာနမှ ၂၀၁၉ ခုနှစ် မိုးရာသီအတွင်း စိုက်ပျိုးတည်ထောင်ထားသည့် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်း (၁၀ဝ)ဧကအား ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်-ကံပြားလမ်း၊ မိုင်တိုင်အမှတ် ၂/၃အနီး၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၂)နှင့် (၂၈)အတွင်း သစ်တောဦးစီးဌာနမှ ၂၀၁၈ ခုနှစ်မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် စီးပွားရေး ကျွန်းစိုက်ခင်း (၁၅၀)ဧက ရှင်သန်အောင်မြင်နေမှုများအား စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်