နေပြည်တော်  ၁၃  ဒီဇင်ဘာ

 

(၇)ကြိမ်မြောက် အာဆီယံသတ္တုကဏ္ဍ ဝန်ကြီးများအဆင့် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော (၆)ကြိမ်မြောက် အာဆီယံသတ္တုကဏ္ဏဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး သဘာပတိအဖြစ် မိန့်ခွန်းပြောကြားပြီး အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် ထိုင်းနိုင်ငံသို့ သဘာပတိတာဝန်ကို လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် အစည်းအဝေး သဘာပတိ ထိုင်းနိုင်ငံ စက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Suriya Jungrungreangkit က အဖွင့်မိန့်ခွန်းပြောကြားပြီး အာဆီယံနိုင်ငံများအတွင်း ဓာတ်သတ္တု ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံသတ္တုကဏ္ဍ ပူးပေါင်းဆောင် ရွက်မှုအစီအစဉ် (၂၀၁၆ - ၂၀၂၀) ဆောင်ရွက်နေမှု ရလာဒ်များ၊ ဆွေးနွေးဖက် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအပေါ် ဆွေးနွေးခဲ့သည့် ရလဒ်များကို အာဆီယံ အတွင်းရေးမှူးက စုစည်းတင်ပြပြီး ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များကို အတည်ပြု ဆုံးဖြတ်ကြသည်။

 

ယင်းနောက် အာဆီယံသတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၁- ၂၀၂၅)  ရေးဆွဲချမှတ်နိုင်ရေးအတွက် သက်ဆိုင်ရာ အာဆီယံနိုင်ငံများ၏ သတ္တုမူဝါဒများကို အဖွဲ့ဝင် တစ်နိုင်ငံချင်းအလိုက် ဆွေးနွေးပြောကြားကြပြီး အာဆီယံနိုင်ငံများ၏ မူဝါဒများနှင့် ထင်ဟပ်မည့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ရေးဆွဲသွားရန် ဆုံးဖြတ်ခြင်း၊  အာဆီယံသတ္တုကဏ္ဍဆိုင်ရာ ရန်ပုံငွေသို့ အဖွဲ့ဝင်နိုင်ငံများမှ ထည့်သွင်းမှုနှင့် နှစ်စဉ်ထည့်ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းထက် မပိုသောငွေကိုသာ ပြန်လည်ထုတ်ယူသုံးစွဲသွားရန် ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

mdn

 

အဆိုပါ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍ နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် ပြည်သူဗဟိုပြုမူဝါဒကို ကျင့်သုံးလျက်ရှိပြီး အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် မြန်မာသတ္တုတွင်း ဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မြန်မာ့သတ္တုတွင်း နည်းဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့နိုင်ငံများ၏ စံချိန်စံညွှန်းများ နှင့်အညီ ဖြစ်အောင်ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲခြင်းတို့ကို အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုများကို အလေးထားဆောင်ရွက်ရန် လိုအပ်သဖြင့် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ ဦးဆောင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များအတွက် အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ညပိုင်းတွင် အိမ်ရှင်ထိုင်းနိုင်ငံမှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲနှင့် အာဆီယံသတ္တုကဏ္ဍဆိုင်ရာ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

သတင်းစဉ်