နေပြည်တော် ၂၀ သြဂုတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်ခန့်အပ်ပြီးဖြစ်သော ဦးမြင့်သူအား ယနေ့ နံနက် ၁၁ နာရီတွင် ရုံးအမှတ်(၂၈) ပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အပါအဝင် ဂျပန်နိုင်ငံရှိသတ္တု၊ ပတ်ဝန်းကျင်နှင့် သစ်တောကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများ၊ အမျိုးသားပြတိုက်၊ တက္ကသိုလ်၊ ရုက္ခဗေဒဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်များ၊ ဂျပန်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လုပ်ငန်းစီမံကိန်း၊ သုတေသနလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု၊ တိုးတက်မှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်လိုသည့်လုပ်ငန်း၊ နှစ်နိုင်ငံဝန်ကြီးဌာနအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လေထုအရည်အသွေးစောင့်ကြည့်ရေး၊ ကာဗွန်လျှော့ချရေးလုပ်ငန်းစဉ်ဆိုင်ရာ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စ၊ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ပူးပေါင်းဆောင်ရွက်လိုသည့်လုပ်ငန်း၊ ဂျပန်နိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ်များနှင့် တိရစ္ဆာန်လဲလှယ်ရေးအစီအစဉ် ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်များ စေလွှတ်တက်ရောက်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


