နေပြည်တော် ၄ မတ်

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် International Union for Conservation of Nature (IUCN) Asia Regional Director, Ms. Aban Marker Kabraji နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် IUCN နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် The Restoration Initiative (TRI) Myanmar လုပ်ငန်းစီမံကိန်းအား ချပ်သင်းနှင့် ဇလုံတောင် သဘာဝထိန်းသိမ်းရေးနယ်မြေ၊ သဖန်းဆိပ်ဆည် ရေဝေရေလဲဒေသများတွင် အကောင်အထည်ဖော်မှုများ၊ ဗန်းမောက်နှင့် ဟုမ္မလင်းမြို့နယ်များရှိ သစ်တောနယ်မြေအတွင်း ရွှေတရားမဝင် တူးဖော်မှုကြောင့် ဖြစ်ပေါ်သည့် ပတ်ဝန်းကျင်ထိခိုက်မှု၊ မြေဆီလွှာနှင့် မြစ်ချောင်း ထိခိုက်ပျက်စီးမှုများအား ကွင်းဆင်းလေ့လာမှုနှင့် သစ်တောသစ်ပင် ပြန်လည်စိုက်ပျိုးမည့် အစီအစဉ်များ၊ တရားမဝင် ရွှေအသေးစား ထုတ်လုပ်သူများ၏ အခြားဝင်ငွေရလမ်းနှင့် အသိအမြင်တိုးပွားရေး၊ ပျက်စီးဒေသများ ပြန်လည်ထိန်းသိမ်းရေးအတွက် TRI Myanmar လုပ်ငန်းစီမံကိန်းအား တိုးချဲ့ဆောင်ရွက်နိုင်မည့် အစီအမံများ၊ ရန်ပုံငွေရရှိနိုင်မည့် အလားအလာများ၊ သတ္တုတူးဖော်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ကွင်းဆင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အသုံးမပြုတော့သည့် သတ္တုတွင်းများ ပိတ်သိမ်းရာတွင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မည့် သစ်ဆွေး မြေဂေဟစနစ် စီမံအုပ်ချုပ်မှုလုပ်ငန်းစီမံကိန်းတွင်  ပါဝင်ဆောင်ရွက်မည့်  အစီအစဉ်များ၊  အင်းလေးကန်ဒေသတွင် ဆောင်ရွက်မည့် လုပ်ငန်းများ၊ အင်းလေးကန်ရေရှည်တည်တံ့ရေး (၁၀) နှစ်စီမံကိန်းနှင့် ဆက်စပ်ဆောင်ရွက်နိုင်မည့် အလားအလာများ၊ နိုင်ငံများအကြား Sister Lake အစီအစဉ် ဆောင်ရွက်နိုင်မှုများ၊ ကမ်းရိုးတန်းဒေသ ရေရှည်တည်တံ့ရေး၊ ဒီရေတောနှင့် သန္တာကျောက်တန်း ထိန်းသိမ်းရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

 

သတင်းစဉ်

 

ttss