နေပြည်တော် ၁၉ မတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency - JICA) Myanmar ၏ Chief Representative Mr. Karasawa Masayuki နှင့် ၎င်းနေရာတွင် ဆက်လက်တာဝန်ထမ်းဆောင်မည့် Mr. Sakakura Noriji နှင့်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် JICA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း၊ အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက်မည့် နှစ်ရှည်စီမံကိန်းတွင် JICA မှ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်း၊ ရေအားလျှပ်စစ်ထုတ်လုပ်မှုအတွက် အရေးပါသည့် ရေသယံဇာတထိန်းသိမ်းရေး ဆောင်ရွက်မှု၊ ဆက်နွယ်သည့်ဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော်မည့် အစီအစဉ်၊ ရွှေအပါအဝင် သတ္တုတူးဖော်ခြင်းကြောင့် မြေဆီလွှာတိုက်စားခြင်း၊ ရေနှင့် မြေ ညစ်ညမ်းခြင်းတို့ လျော့နည်းကာကွယ်နိုင်သည့် နည်းပညာအကူအညီ၊ JICA မှ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်(EIA) အစီရင်ခံစာ ရေးဆွဲအတည်ပြုချက်ရယူမှုနှင့် ကျွမ်းကျင်သူများ စေလွှတ်အကူအညီပေးမည့် အစီအစဉ်နှင့် လေထုညစ်ညမ်းမှု စောင့်ကြည့်ထိန်းချုပ်ရေးဆိုင်ရာ နည်းပညာအကူအညီရယူနိုင်မည့် အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်


