နေပြည်တော် ၂ ဖေဖော်ဝါရီ
“ဇီဝမျိုးစုံမျိုးကွဲ အဓွန့်ရှည်ဖို့ ရေဝပ်ဒေသတွေ ထိန်းသိမ်းစို့”ဆောင်ပုဒ်ဖြင့် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ မိုးယွန်းကြီးအပန်းဖြေစခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အမှာစကားပြောကြားရာ၌ ရေဝပ်ဒေသများတည်တံ့မှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ အသက်ရှင်ရပ်တည်မှုတို့သည် အပြန်အလှန်အမှီသဟဲပြုနေပြီး ရေဝပ်ဒေသများ စဉ်ဆက်မပြတ် မပျက်မစီးတည်ရှိနေမှသာ ရေဝပ်ဒေသများတွင် နေထိုင်ကျက်စားကြသော ဇီဝမျိုးစုံမျိုးကွဲများ အဓွန့်ရှည်မည်ဖြစ်ကြောင်း၊ ယခုနှစ်ဆောင်ပုဒ်သည် ဇီဝမျိုးစုံမျိုးကွဲ သယံဇာတအရင်းအမြစ်များနှင့် ဆက်စပ်ဂေဟစနစ်၏ ဝန်ဆောင်မှုတန်ဖိုး များကို ရေရှည်တည်မြဲနိုင်ရန်အတွက် ထင်ဟပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ရေဝပ် ဒေသများနေ့ အထိမ်းအမှတ် နိုင်ငံအဆင့် အခမ်းအနားများကို ၂၀၁၂ ခုနှစ်မှစတင်ပြီး နေပြည်တော်၊ မိုးယွန်းကြီးအင်းနှင့် အင်းလေးကန်တို့တွင် တစ်လှည့်စီကျင်းပခဲ့ပြီး မိုးယွန်း ကြီးအင်း ဘေးမဲ့တောတွင် ကျင်းပခဲ့သည်မှာ (၄)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း။
ယခုကဲ့သို့ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပြုလုပ်သည့်အတွက် ရေဝပ်ဒေသများအနေဖြင့် လူသားတို့အပေါ် အကျိုးပြုမှုများကို သိမြင်နိုးကြားလာပြီး ဆက်စပ်ပတ်သက်သူများအနေဖြင့် ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အကျိုးရှိစွာအသုံးချခြင်း စသည်တို့တွင် ပူးပေါင်းပါဝင်မှု အားကောင်းလာရန် ရည်ရွယ်ပါကြောင်း၊ ရေဝပ်ဒေသများသည် ဇီဝမျိုးစုံမျိုးကွဲများအတွက်သာမက ရေသယံဇာတ အရင်းအမြစ်များနှင့် ဆက်စပ်ဂေဟစနစ်များ ရေရှည်တည်မြဲစေရေး ထိန်းညှိပေးခြင်း၊ ရှားပါးမျိုးစိတ်များနှင့် ဒေသရင်းမျိုးစိတ်များအတွက် အဓိက ကျက်စားရာဒေသများဖြစ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်း စသည်ဖြင့် လူ့အဖွဲ့အစည်းကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် အရေးပါသော ဂေဟစနစ်ဝန်ဆောင်မှုများအား ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်း စသည့် လူမှုစီးပွားဖွံ့ဖြိုးမှုဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း ရေဝပ်ဒေသများက အထောက်အကူပြုလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသည် ရမ်ဆာကွန်ဗင်းရှင်းကို ၂၀ဝ၅ ခုနှစ် မတ် ၁၇ ရက်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး သစ်တောဦးစီးဌာနက ရမ်ဆာကွန်ဗင်းရှင်း၏ မြန်မာနိုင်ငံဆိုင်ရာ စီမံအုပ်ချုပ်မှုအဖွဲ့အစည်းအဖြစ် ရေဝပ်ဒေသထိန်းသိမ်းရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့အဆင့် အရေးပါသည့် ရေဝပ်ဒေသထိန်းသိမ်းရေး နယ်မြေများအဖြစ် ၂၀ဝ၄ ခုနှစ်တွင် မိုးယွန်းကြီးအင်း၊ ၂၀၁၆ ခုနှစ်တွင် အင်းတော်ကြီး၊ ၂၀၁၇ ခုနှစ်တွင် မိန်းမလှကျွန်းနှင့် မွန်ပြည်နယ်အတွင်းရှိ မုတ္တမပင်လယ်ကွေ့ဒေသ၊ ၂၀၁၈ ခုနှစ် တွင် အင်းလေးကန်တို့ကို ရမ်ဆာရေဝပ်ဒေသ (၅) နေရာအဖြစ် သတ်မှတ်ပြီးဖြစ်ကြောင်း၊ ရေဝပ်ဒေသများကို ထိန်းသိမ်းခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အကျိုးရှိစွာအသုံးပြုခြင်း၌ ဆက်စပ်ပတ်သက်သည့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှုကို မြှင့်တင်နိုင်ရန်အတွက် ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို ၂၀၁၆ ခုနှစ် သြဂုတ် ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီအနေဖြင့် အမျိုးသားရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းများကို ပြုစုရေးဆွဲခဲ့ပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုလျော့နည်းသက်သာရေးနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးများ ကြံ့ကြံ့ခံနိုင်ရန် သဘာဝကို အခြေခံသည့်ဖြေရှင်းမှုများနှင့် သဘာဝကိုအခြေခံသည့် ရာသီဥတုဖြေရှင်းမှုများကို ဦးစား ပေးဆောင်ရွက်ကြရတွင် ရေဝပ်ဒေသများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် ရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ရာ၌ ပူးပေါင်းပါဝင်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာ အေဂျင်စီမှ Assistant Director General Mr. IvarMyklebust တို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် “ဇီဝမျိုးစုံမျိုးကွဲများရေရှည်တည်တံ့ဖို့ ရေဝပ်ဒေသတွေထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် မိုးယွန်းကြီးဒေသရှိ စာသင်ကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးနှင့် မိုးယွန်းကြီးအင်းဘေးမဲ့တော ထိန်းသိမ်းရေးတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဒေသခံကိုယ်စားလှယ် (၃) ဦးတို့ကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်၍ မုတ္တမပင်လယ်ကွေ့(တိုးချဲ့) (ပဲခူးတိုင်းဒေသကြီးအပိုင်းနှင့် မွန်ပြည်နယ်အပိုင်း)ကို ရမ်ဆာရေဝပ်ဒေသအဖြစ် အသိအမှတ်ပြုလက်မှတ်အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအစည်းအဝေး (၁/၂၀၂၀)ကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအတွင်း ရေဝပ်ဒေသထိန်းသိမ်း စီမံအုပ်ချုပ်ခြင်းလုပ်ငန်းများနှင့် အမျိုးသားရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းများ ထိရောက်စွာတိုးမြှင့်ဆောင်ရွက်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)