နေပြည်တော် ၁  ဩဂုတ် 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇူလိုင် ၃၁ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောဦးစီး ဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရတနာသစ်ခန်းမတွင် ကျင်းပသည့် သတ္တုသယံဇာတ တူးဖော်ထုတ်လုပ် နေမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။ 

 

အစည်းအဝေးတွင် ပြည်နယ်အဆင့် လုပ်ကွက်နေရာချထားပေးရေးအဖွဲ့ဝင်များက မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မြေပြန့်လွင်ပြင်များနှင့် ဆက်စပ်နေသည့် ကုန်မြင့်ဒေသ တစ်ခုဖြစ်သည့် အတွက် ရေ၊ မြေသဘာဝဖြစ်တည်မှု အထူးအလေးထား ဂရုစိုက်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ရှေးအချိန်ကာလက လူဦးရေလည်းနည်းပါးပြီး သယံဇာတမှာလည်း ပေါများလှ သည့်အတွက် စနစ်တကျ ထုတ်လုပ်ဆောင်ရွက်မှု တစ်ခုတည်းနှင့် လုံလောက်ပါကြောင်း၊ ယခုအချိန် ကာလ၌ လူဦးရေမှာလည်း တိုးပွားများပြားလာသည့်အလျောက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် စနစ်တကျထုတ်လုပ် ဆောင်ရွက်မှုသာမက နောင်သားစဉ်မြေးဆက်တိုင် သယံဇာတများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းမှုအပိုင်းကို အလေးထား၍ ထိန်းညှိဆောင်ရွက်နေပါကြောင်း၊ ယခင်က အင်းလေးကန်သည် စတုရန်းမိုင် ၁၀၀ ခန့် ကျယ်ဝန်းခဲ့သော်လည်း ယခုအချိန်တွင် ထက်ဝက်ခန့်သာ ကန်ရေပြင်ဧရိယာကျန်ရှိတော့ပါကြောင်း၊ အင်းလေးကန် ရေဝေရေလဲဒေသသည် ရှမ်းပြည်နယ် အတွက်သာမက မြန်မာနိုင်ငံအဝန်း တစ်နှစ်ပတ်လုံး လျှပ်စစ်ဓာတ်အားပေးနိုင်သည့် လောပိတ ရေအားလျှပ်စစ်စက်ရုံအတွက် အရေးပါလှသည့် ဧရိယာတစ်ခုဖြစ်ပါကြောင်း၊ အင်းလေး ကန် တိမ်ကောမှုမရှိစေရေး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းရန်လိုအပ်ပါကြောင်း၊ ယခု တက်ရောက်လာကြသူများအနေဖြင့်လည်း မိမိဌာန၏ ရည်မှန်းချက်တာဝန်များကို အကောင် အထည်ဖော်ဆောင်ရွက်ရင်း အခြားဆက်စပ်ဌာနများ၏ လုပ်ငန်းတာဝန်များပြီးမြောက် အောင်မြင် စေရေးအတွက် ပူးပေါင်းသယ်ပိုး ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိဌာန၏ လုပ်ငန်းများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်သကဲ့သို့ ဆက်စပ်ဌာနအသီးသီး၏ နည်းဥပဒေ၊ စည်းကမ်း သတ်မှတ်ချက်များကို လေးစားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းများကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်ဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့၊ မြန်မာ့သစ်လုပ်ငန်းသို့ ရောက်ရှိရာ ပြည်နယ်တာဝန်ခံ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်မြင့်ဌေးက လုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ၂၀၂၀−၂၀၂၁ ခုနှစ်၊ သစ်ထုတ်လုပ်ရာ၌ မိုင်းကန်ကြိုးဝိုင်းအတွင်း ကျွန်းပင်ထောင်များ ထပ်မံကျန်ရှိ၍ လေလွင့် ဆုံးရှုံးမှု မရှိစေရေးအတွက် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့ ပူးပေါင်းကွင်းဆင်းစစ်ဆေး တင်ပြရန်၊ ကျွန်း၊ သစ်မာသစ်လုံးများရောင်းချရာ၌ ကြွေးကျန်မဖြစ်ပေါ်စေရေးအတွက် တွန်းအားပေး ဆောင်ရွက်ရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ပြည်သူများ၏ သစ်ခွဲသား လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး သုတေသနဓာတ်ခွဲခန်းအား ကြည့်ရှုစစ်ဆေးကာ သုတေသန လုပ်ငန်းများအား မှတ်တမ်းထားရှိဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများအား စနစ်တကျ အသုံးပြုရန်တို့ကို မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ တောင်ကြီးငှက် ဘေးမဲ့တော သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း သစ်စေ့မြေလုံး (Seed Ball) စူးထိုးစိုက်ပျိုးခြင်း ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှု့စစ်ဆေးပြီး၊ ယာယီရှင်းလင်းဆောင်တွင် စူးထိုး စိုက်ပျိုးဆောင်ရွက်မှုနှင့် ရှင်သန်မှုအခြေအနေတို့ကို တောင်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သစ်စေ့မြေလုံးစူးထိုး စိုက်ပျိုးသည့် နေရာအား တစ်နေရာတည်း၌ (၃) နှစ်ဆက်တိုက် ဆောင်ရွက်ရန်၊ စူးထိုးစိုက်ပျိုးသည့် အကွာအဝေး ကို တတ်နိုင်သမျှ စိတ်စိတ်စိုက်ပျိုးရန်၊ ဒေသသစ်မျိုးများကို ဦးစားပေး စူးထိုးစိုက်ပျိုးရန်၊ တစ်နေရာ လျှင် သစ်စေ့မြေလုံး (၃) လုံးမှ (၅) လုံးအထိစိုက်ပျိုးရန်၊ သစ်စေ့မြေလုံးတစ်လုံးလျှင် အနည်းဆုံး သစ်စေ့ (၃)စေ့ထည့်ရန်၊ လာမည့်နှစ် စူးထိုးစိုက်ပျိုးရန်အတွက် ဒေသသစ်မျိုးများကို ကြိုတင် စုဆောင်းထားရှိရန်၊ စူးထိုးစိုက်ပျိုးသည့်နေရာအား မီးဘေးအန္တရာယ်ကာကွယ်ခြင်းဆောင်ရွက်ရန်၊ သစ်စေ့ မြေလုံးစူးထိုးစိုက်ပျိုးသည့် အလေ့အကျင့်များကို ဒေသခံများအား သင်ကြားပေးရန်တို့ကို မှာကြား ခဲ့ကြောင်းသိရသည်။ 

 

(သတင်းစဉ်)