နေပြည်တော် ၂ မတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် မတ် ၁ ရက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ စိမ်းလန်းစိုပြည်ရေးစိုက်ခင်း၊ တောင်တန်း စိုက်ခင်း၊ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ရွှေသမင်များနှင့် ကျေးငှက်များ သောက်သုံးရန်အတွက် ရေကန်၊ ကြယ်လိပ် မွေးမြူရေးခြံနှင့် ရွှေစက်တော်-မန်းချောင်း အပန်းဖြေဆင်စခန်း တို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးကျောင်းတော်ရာ၌ သစ်တောဦးစီးဌာနက တည်ထောင်စိုက်ပျိုးထားသည့် စန္ဒကူးပင်များ ရှင်သန်အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးပြီး စန္ဒကူးပင်များ ရေရှည်ရှင်သန် အောင်မြင်စေရေးအတွက် ပြုစုထိန်းသိမ်းခြင်းကို အလေးထားဆောင်ရွက်ရန်၊ ပျိုးပင်ငယ်များသာမက ပျိုးပင်ကြီးများ ပျိုးထောင် ထားရှိရန်တို့ကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ်၊ အပူပိုင်း ဒေသစိမ်းလန်း စိုပြည်ရေး ဦးစီးဌာနက တည်ထောင်စိုက်ပျိုးထားရှိသည့် ၁/ ၂၀၁၉ စိုက်ခင်း ဧက (၃၀) နှင့် ၂/၂၀၁၉ စိုက်ခင်း ဧက (၂၀) တို့အား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောအတွင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရွှေသမင်များနှင့် ကျေးငှက်များ သောက်သုံးရန်အတွက် တူးဖော်ထားရှိသည့် ကန်တော်ကြီးကန်အား ကြည့်ရှုစစ်ဆေးပြီး ခြောက်သွေ့ ရာသီတွင် ရွှေသမင်များ သောက်ရေပြတ်လပ်မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်၊ အလှူရှင်များ၏ ရေလှူဒါန်းမှုများအား မှတ်တမ်းထားရှိ၍ စနစ်တကျသုံးစွဲရန်၊ ရွှေသမင်အရေအတွက်အား မှတ်တမ်း ထားရှိရန်၊ ကန်တော်ကြီးကန်ဝန်းကျင်၌ ရွှေသမင်များအတွက် သီးပင်၊ စားပင် စိုက်ပျိုးဆောင်ရွက်မှု၊ ရှင်သန်မှုအခြေအနေအား စနစ်တကျ မှတ်တမ်းထားရှိ၍ သေပင်များအား လာမည့် မိုးရာသီ၌ ဖာထေး ဆောင်ရွက်ရန်၊ ရွှေစက်တော်ဘုရားဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် အမြဲစိမ်း အပင်များ စိုက်ပျိုးဆောင်ရွက်ရန်၊ ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအတွင်း လူဝင် ထွက်သွားလာမှုကို စောင့်ကြည့်စစ်ဆေးရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့သစ်လုပ်ငန်းက ပြည်သူများ အပန်းဖြေပျော်ရွင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိသည့် ရွှေစက်တော်-မန်းချောင်း အပန်းဖြေဆင်စခန်းအား ကြည့်ရှုစစ်ဆေး ပြီး ဆင်စခန်းယာယီရှင်းလင်ဆောင်တွင် မြန်မာ့သစ်လုပ်ငန်း၊ ဒုတိယအထွေထွေမန်နေဂျာ ဦးသိန်းဦး က ဆင်စခန်းဖြစ်ပေါ်လာပုံ၊ အဆောက်အဦများ ဆောက်လုပ်ထားရှိမှု၊ ဧည့်သည်ဝင်ရောက်မှုနှင့် ဝင်ငွေရရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအားတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လာရောက်လည်ပတ်သည့် ဧည့်သည်များအား ဝန်ဆောင်မှုအပြည့်အဝ ပေးနိုင်စေရေးအတွက် ဆောင်ရွက် ရမည့်အစီအမံများ၊ ဆင်စီးခြင်း၊ ဆင်အလှပြသခြင်းများတွင် အန္တရာယ်မရှိစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားထားရှိရန်၊ ပြည်တွင်း၊ ပြည်ပ ဧည့်သည် ဝင်ရောက်မှုကို စနစ်တကျမှတ်တမ်းထားရှိရန်၊ ဆင်စခန်းဝန်းကျင်သန့်ရှင်းရေးနှင့် သာယာလှပရေးကို အထူးဂရုစိုက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်အတွင်းရှိ ကြယ်လိပ်မွေးမြူရေးခြံအား ကြည့်ရှုစစ်ဆေး၍ ကြယ်လိပ်များ၌ ရာသီအလိုက်ဖြစ်တတ်သည့် ရောဂါ များ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ကြယ်လိပ်များ ပျောက်ဆုံးမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်ရန်၊ ကြယ်လိပ်များ၏ နှစ်အလိုက် ဥဥနှုန်း၊ သားပေါက် မှုနှုန်းနှင့် တိုးပွားလာမှုတို့ကို မှတ်တမ်းထားရှိရန် မှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနက ဆင်ဂေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တောအတွင်း စိုက်ပျိုးဆောင် ရွက်လျှက်ရှိ သည့် အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း ၂/၂၀၁၉၊ တောင်တန်းစိုက်ခင်း ၁/၂၀၁၉ နှင့် ၂၀၁၉ ခုနှစ်၊ သစ်မျိုးစုံစိုက်ခင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


