နေပြည်တော်၊ ၁၂  ဒီဇင်ဘာ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ သီရိရတနာလမ်း၊ အရိုးရောဂါ အထူးကုဆေးရုံကြီးအနီးရှိ ၂၀၁၈ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် ဌာနပိုင်ဝါးနှင့် သစ်မျိုးစုံ (၃၁၂) ပင် စိုက်ခင်းနှင့် မြန်မာနိုင်ငံ ကျောက် မျက်ရတနာလုပ်ငန်းရှင်များ အသင်း၏ ကူညီပံ့ပိုးမှုဖြင့် စိုက်ပျိုးတည်ထောင်ထားသည့် ဝါးမျိုး စုံစိုက်ခင်း (၁၃၈) ပင်နှင့် အရိပ်ရပင် (၂၇၆)ပင် စိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးပင်များ ရှင်သန်ကြီးထွားရေးနှင့် အရိပ်ရပင်များ ဖြည့်တင်းစိုက်ပျိုးရေးတို့အတွက် လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ သီရိရတနာလမ်း၊ ဖိုးဇောင်တောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၃)အတွင်း ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော် ပြုလုပ်ရန်အတွက် ရွေးချယ်ထားသည့် မြေနေရာအား စစ်ဆေးကြည့်ရှုခဲ့ပြီး လာမည့် ၂၀၂၁ မိုးရာသီ တွင် အပင်များစိုက်ပျိုးနိုင်ရန် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကြားသည်။

ထို့နောက် ပျဉ်းမနားမြို့နယ်၊ ရွာ‌ကောက်ရပ်ကွက်၊ သပြေလမ်းရှိ မြန်မာ့သစ်လုပ်ငန်း၊ သင်တန်းကျောင်းအမှတ်(၂) သင်တန်းကျောင်း ခန်းမ၌ တာဝန်ရှိသူများက သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များ၊ သင်တန်းဖွင့်လှစ်ရန် လျာထားချက်များ၊ သင်တန်းပို့ချမည့် ဘာသာရပ်များနှင့် သင်ကြားမည့်ဆရာများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အတွင်း Online စနစ်ဖြင့် သင်တန်းများ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့သစ်လုပ်ငန်း၊ သင်တန်းကျောင်း အမှတ်(၂)သည် လမ်းဖောက် ခြင်းနှင့်  ထုတ်လုပ်ရေး ယာဉ်  /  ယန္တရားများ ဘေးကင်းလုံခြုံစိတ်ချစွာ  အသုံးပြုနိုင်ရန် အတွက် ယာဉ်မောင်း/စက်ပြင်ဝန်ထမ်းများအား အခြေခံသင်တန်း၊ မွန်းမံသင်တန်းနှင့် ခေါင်းဆောင်မှုသင်တန်းများ ပို့ချသည့် သင်တန်းကျောင်းဖြစ်သည်နှင့်အညီ စာတွ့သင်ကြားမှုနှင့် လက်တွေ့ သင်ကြားမှုတို့ နှစ်ခုစလုံးပြည့်ဝရန် အရေးကြီးကြောင်း၊ အွန်လိုင်းစနစ်အသုံးပြု စာတွေ့သင်ကြားမှု များနှင့်စပ်လျဉ်း၍ သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများနှင့် အင်တာနက်လိုင်း ဆက်သွယ်ရရှိရေးတို့အတွက် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သင်ကြားမှု ထိရောက်စေရန်အတွက် အရည်အချင်းစစ်ဆေးမှုများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ထိုသို့ အရည်အချင်းစစ်ဆေးမှုများကို ဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့ရှိ၊ မြန်မာနိုင်ငံသစ်တောကျောင်းတွင် အသုံးပြုနေသည့် စနစ်များကိုလေ့လာ၍ အွန်လိုင်းမှ တစ်ဆင့် အရည်အချင်းစစ်ဆေးမှုများ ပြုလုပ်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လက်တွေ့သင်ကြားမှုများကို သက်ဆိုင်ရာ ထုတ်လုပ်ရေးဒေသရှိ နယ်တာဝန်ခံများ၊ ဒေသတာဝန်ခံများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျွမ်းကျင် ဝန်ထမ်းများမှတစ်ဆင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လက်တွေ့သင်ယူနိုင်ရန်၊ လုပ်ငန်းခွင်နှင့် အလုပ်ချိန်ကို မထိခိုက်စေဘဲ လက်တွေ့သင်တန်းများကို သင်တန်းမှ သတ်မှတ်ထားသည့် အချိန်အတိုင်း အပြည့်အဝ သင်ကြားပေးနိုင်ရန်နှင့် လိုအပ်ပါက သင်ကြားချိန် တိုးမြှင့်ပေးနိုင်ရေးတို့အတွက် မြန်မာ့သစ်လုပ်ငန်းရုံးချုပ်သို့ တင်ပြ၍ သက်ဆိုင်ရာတိုင်းတာဝန်ခံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

ထို့နောက် သင်တန်းကျောင်းအတွင်းရှိ အုပ်ချုပ်ရေးဆောင်များ၊ သင်ကြားရေးဆောင်များအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး အဆောင်များပြုပြင်ထိန်းသိမ်းရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဝန်ထမ်းများ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးညွှန် ကြားချက်များအား အထူးသတိပြု လိုက်နာဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးအား နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာ ရပ်ကွက်ရှိ မြန်မာ့သစ်လုပ်ငန်း ပင်မအလုပ်ရုံတွင် တာဝန်ရှိသူများက   ပင်မအလုပ်ရုံဆိုင်ရာ  အချက်အလက်များ၊  ထုတ်လုပ်ရေးလုပ်ငန်းအတွက်  ပြုပြင်ထိန်းသိမ်း တပ်ဆင်ပေးနိုင်သည့် ယာဉ်/ယန္တရားအမျိုးအစားများ၊ ဘဏ္ဍာနှစ်အလိုက် ပြုပြင်ထိန်းသိမ်းပေးရမည့် ယာဉ်/ယန္တရား များရွေးချယ်သတ်မှတ်ခြင်းနှင့် လိုအပ်သော လုပ်ငန်းရံပုံငွေ တင်ပြတောင်းခံခြင်းများ၊ မီးဘေး အန္တရာယ် ကာကွယ်ရေးအတွက် စီမံချက်ရေးဆွဲပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ အားရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ခုတ်လှဲပြီး သစ်ပင်များ သတ်မှတ်ချိန်အတွင်း သစ်ဆိပ်သို့ အရောက်ပို့နိုင်ရန် ထုတ်လုပ်ရေးယာဉ်/ ယန္တရားများသည် အလွန်အရေးကြီးပါကြောင်း၊ ပင်မအလုပ်ရုံအတွက် လိုအပ်သောဘဏ္ဍာငွေ အပြည့်အဝရရှိရန် အရေးကြီးကြောင်း၊ ပြုပြင်ထိန်းသိမ်းသည့် ယာဉ်/ယန္တရားများအား ကောင်း/ သင့်/ ညံ့ ခွဲခြား သတ်မှတ်ပြီး စီးပွားရေးအရ တွက်ခြေကိုက်သည့် ယာဉ်/ယန္တရား များကို သာပြုပြင်ထိန်းသိမ်းသင့်ကြောင်း၊ စက်သုံးဆီသုံးစွဲမှုနှင့်စပ်လျဉ်း၍ စနစ်တကျမှတ် တမ်းထားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပင်မအလုပ်ရုံအတွင်း ယာဉ်/ယန္တရားများ ပြင်ဆင်သည့် အလုပ်ရုံများ၊ အရံစက်ပစ္စည်းများ သိုလှောင်သည့် ဂိုထောင်များအား စစ်ဆေးကြည့်ရှု့ခဲ့ပြီး သက်တမ်းကြာမြင့်လာသည်နှင့်အညီ အလုပ်ရုံနှင့် ဂိုထောင်များ အကြီးစားပြင် ဆင်ရန်လိုအပ်မှု ရှိ/မရှိ ပုံမှန်စစ်ဆေးခြင်း၊ မီးဘေးကာကွယ်ခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ဖြစ်ပွားခြင်းများရှိပါက စနစ်တကျ မှတ်တမ်းများထားရှိရန်နှင့် အားနည်းချက်များအား ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်