နေပြည်တော်  ၁၄  နိုဝင်ဘာ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအတွင်းရှိ ကုမုဒြာရေကန်၌ ဝန်ထမ်းများ စိတ်အပန်းဖြေနိုင်ရေးအတွက်  တံတားတည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှု စစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တံတားဝန်းကျင်အနီး အပန်းဖြေနားနေနိုင်ရန်အတွက် ထိုင်ခုံများ ထားရှိဆောင်ရွက်ရန်၊ ကုမုဒြာရေကန်ဝန်းကျင် သာယာလှပရေးအတွက် ပန်း အလှပင်များစိုက်ပျိုး ဆောင်ရွက်ရန်၊ အပန်းဖြေလျှောက်လမ်း တံတားကြံ့ခိုင်မှုရှိစေရေး စိစစ်ဆောင်ရွက်ရန်၊ တံတားချဉ်းကပ်လမ်းအား ရေတိုက်စားမှုမဖြစ်စေရေးထည့်သွင်း စဉ်းစားဆောင်ရွက်ရန်တို့ကို မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါရုံးဧရိယာအတွင်း အာစီ(၃)ထပ်ရုံး အဆောက်အဦသစ်အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တည်ဆောက်ရေး ၂၊ အဆောက်အဦအထူးအဖွဲ့ ၄ က တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တည်ဆောက်ရေး လုပ်ငန်းတာဝန်ရှိသူများက အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရုံးအဆောက်အဦ သစ်အတွက် ရေနှင့် လျှပ်စစ်မီးလိုအပ်ချက်၊ လျှပ်စစ်မီးတပ်ဆင်ရာ တွင်လည်း စွမ်းအင် အနည်းဆုံး အသုံးပြု၍ အလင်းရောင် လိုအပ်ချက်ဖြည့်ဆည်းနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဝန်ထမ်းများအား ရုံးခန်းနေရာချထားရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရန်၊  ရုံးအသုံး အဆောင်နှင့် ပရိဘောဂ ပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရန်အတွက် ရန်ပုံငွေလိုအပ်ချက်တို့ကို အချိန်နှင့်တစ်ပြေးညီ တင်ပြတောင်းခံ ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲ ဆောင်ရွက်၍ စိုက်ပျိုးထားရှိသည့် စိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှုအခြေအနေနှင့် ၂၀၂၁ ခုနှစ်၊ မိုးရာသီလူထုသစ်ပင် စိုက်ပျိုးရေး အတွက် ရွေးချယ်ထားရှိသည့် နေရာကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီသစ်ပင် စိုက်ပွဲဖြင့် စိုက်ပျိုးဆောင်ရွက်ခဲ့သည့် စိုက်ခင်းများ၏ နှစ်အလိုက်စိုက်ပျိုးရှင်သန် အောင်မြင်မှုကို မှတ်တမ်းထားရှိရန်၊ စိုက်ပင်များ ရှင်သန်ကြီးထွားမှုရှိစေရေးအတွက် သစ်တောပြုစု ထိန်းသိမ်းရေး လမ်းညွှန်ချက်များနှင့်အညီ ပြုစုဆောင်ရွက်ရန်၊ စိုက်ခင်းအလိုက် စိုက်ပျိုးသည့် သစ်မျိုးများ၏ အမြင့်နှင့် ကြီးထွားမှုတို့ကို တိုင်းတာမှတ်တမ်းတင် ထားရန်တို့ကို ‌ဆွေးနွေးမှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာညီညီကျော်နှင့်အတူ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ တည် ဆောက်လျက်ရှိသော ကျောင်းသူကျောင်းသားများ အပန်ဖြေနားနေနိုင်ရန်အတွက် ဦးပိန် တံတားပုံစံ ရေကန်ဖြတ်လျှောက်တံတားတည်ဆောက်မှုကို ကြည့်ရှုစစ်ဆေး၍ ရေကန် ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် သစ်ပင်စိုက်ပျိုးရန်၊ ရေကန် ပတ်လည်တွင် ခုံတန်းများ ထားရှိဆောင်ရွက်ရန်၊ ရေကန်ဘောင်တွင် မြေဆီလွှာ ထိန်းသိမ်း နိုင်ရေးအတွက် ဗာတီဗာမြက် စိုက်ပျိုးဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြား၍ လိုအပ်ချက်များအား‌ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်