နေပြည်တော် ၁ ဖေဖော်ဝါရီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၇) အနီး၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးကွန်း(၁) ကြိုးပြင်ကာကွယ်တောအတွင်း စိုက်ပျိုးတည်ထောင်ထားသော ပုဂ္ဂလိကသစ်မာမျိုးစုံ စိုက်ခင်းဧက (၁၀၀)သို့ ရောက်ရှိစစ်ဆေးသည်။

ရှေးဦးစွာ စိုက်ခင်းစခန်းနားနေဆောင်တွင် ပုဂ္ဂလိက သစ်မျိုးစုံစိုက်ခင်း စိုက်ပျိုးတည်ထောင်သူ ဦးသက်စိုးက စိုက်ခင်းဧက (၁၀၀)အတွင်း သစ်တောသစ်ပင်များ၊ အလှပန်းပွင့်ပင်များနှင့် သစ်ခွမျိုးစိတ်များ၊ ဝါးမျိုးစိတ်များအား အကွက်အလိုက် ခွဲခြားသတ်မှတ်၍ ရုက္ခဗေဒဥယျာဉ်တစ်ခု တည်ထောင်နိုင်ရန်စနစ်တကျ စိုက်ပျိုးထားရှိမှုများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ထပ်မံဖြည့်စွက်စိုက်ပျိုးရန် လိုအပ်သည့်သစ်မျိုးများနှင့် စိုက်ပျိုးရန်နေရာ ရွေးချယ်မှုများနှင့်စပ်လျဉ်း၍ အကြံပြုပြောကြားပြီး စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ စိုက်ခင်းအောင်မြင်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၀၅)အနီး၊ ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွန်းကြိုးဝိုင်း၊ အကွက်အမှတ် (၁၃)အတွင်းရှိ မြန်မာ့သစ်လုပ်ငန်းပိုင် မှော်ယောကြီးဆင်စခန်းသို့ ရောက်ရှိပြီး ဆင်စခန်းအနီးရှိ ၂၀၁၈ ခုနှစ် မိုးရွာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် မြန်မာ့သစ်လုပ်ငန်းပိုင် စီးပွားရေးကျွန်းစိုက်ခင်း ဧက (၅၀) အောင်မြင်ရှင်သန်မှုအား ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ယောကြီး ဆင်သမားကျေးရွာနှင့် ဆင်ထိန်းသိမ်းရေးစခန်းသို့ ရောက်ရှိပြီး ၂၀၂၀ မိုးရာသီတွင် စိုက်ပျိုးမည့် ကျွန်းစိုက်ခင်းဧက (၅၀)အတွက် တောတွင်းလုပ်ငန်းများနှင့် ပျိုးဥယျာဉ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စခန်းရှိ ဆင်များအား ကြည့်ရှုစစ်ဆေးကာ အစာကျွေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၅၀/၅) အနီး၊ ပဲခူးမြို့နယ်၊ စလူကြိုးဝိုင်း၊ အကွက်အမှတ် (၂၆၄)အတွင်း စိုက်ပျိုးတည်ထောင်ထားသော ပုဂ္ဂလိကဝါးမျိုးစုံစိုက်ခင်း (၁၀၀)ဧကအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်