နေပြည်တော် ၃ ဖေဖော်ဝါရီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျာမနီ၊ သြစတြေးလျ၊ ဘရာဇီးလ်၊ တောင်အာဖရိကနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ကူမင်းမြို့)များသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီးပွားရေးသံမှူး(၅)ဦးနှင့် ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ သစ်နှင့်သစ်တောထွက်ပစ္စည်း နိုင်ငံတကာကုန်သွယ်မှု၊ သစ်တင်ပို့ရောင်းချရာတွင် ရေရှည်တည်တံ့သည့် သစ်တောစီမံအုပ်ချုပ်မှုဖြင့် ထုတ်လုပ် သည့်သစ်ဖြစ်ကြောင်း ထောက်ခံချက်ပေးရန်နှင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ နှင့် ကိုက်ညီစေရန်အတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ တောရိုင်းတိရစ္ဆာန်နှင့် အစိတ်အပိုင်းများ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုထိန်းချုပ်ရေးဆိုင်ရာအစီအမံများ၊ သစ်၊ ရွှေနှင့် အခြားသတ္တုများ တင်သွင်းခြင်းဆိုင်ရာမူဝါဒများ၊ သစ်တောကဏ္ဍ၊ ပုလဲအပါအဝင် သတ္တုကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများနှင့် ခွင့်ပြုလုပ်ငန်း အမျိုးအစားများ၊ စွန့်ပစ်ပစ္စည်းဆိုင်ရာ တားမြစ်ချက်များ၊ ပြန်လည်ပြုပြင်ထားသည့် ပလပ်စတစ်ပစ္စည်း တင်သွင်းခြင်းနှင့်ပတ်သက်၍ ဆက်နွယ်သည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ နိုင်ငံ ၅ နိုင်ငံနှင့် ပတ်ဝန်းကျင်နှင့် သစ်တော ရေးရာကဏ္ဍ၊ သတ္တုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)