နေပြည်တော် ၂၀ ဇွန်

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမအနီး ကျောက်စိမ်းဥယျာဉ်ဘေးရှိ မြန်မာ့ကျောက်မျက်ရတနာပြပွဲများသို့ လာရောက်မည့် ရတနာကုန်သည်များနှင့် ဧည့်သည်တော်များကို မှတ်ပုံတင်စာရင်းသွင်း လက်ခံမည့် အဆောက်အဦနှင့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အဆောက်အဦ တာဝန်ယူတည်ဆောက်သည့် အင်ဂျင်နီယာတို့မှ အဆောက်အဦပြီးစီးမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။ 

 

2429

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယာဉ်ရပ်နားကွင်းနေရာနှင့် လုံခြုံရေးအဆောက်အဦများကို လှည့်လည်ကြည့်ရှုပြီး အရိပ်ရအပင်များ စိုက်ပျိုးရန်၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ရှိစေရန်နှင့် အဆောက်အဦဘေးဘက်ရှိ ကျောက်စိမ်းဉယျာဉ် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိရန်တို့ကို မှာကြားသည်။

 

ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့ ရောက်ရှိပြီး ရတနာပစ္စည်းများ ခင်းကျင်းပြသထားသည့်နေရာများတွင် လတ်တလောဖြစ်နေသည့် ကိုဗစ်-၁၉  အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ရန်အတွက် Social Distancing အကွာအဝေး သတ်မှတ်ချက်နှင့်အညီ အမှတ်အသားများ ထားရှိသွားရန်၊ ပြသသည့်ရတနာခုံများတွင် Hand Gel ဘူးများထားရှိရန်၊ ပြသသည့် ဝန်ထမ်းများမှ Mask များ၊ Face Shied များ၊ တစ်ခါသုံး လက်အိတ်များ ဝတ်ဆင်ထားရှိကြရန်နှင့် အလားတူမြေညီထပ်ရှိ ရတနာဆိုင်ခန်းများတွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များအတိုင်း ရောဂါကာကွယ်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို စနစ်တကျ အလေးထားလိုက်နာ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်