နေပြည်တော် ၂၂ ဖေဖော်ဝါရီ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြေဧရိယာအတွင်းရှိ သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး တိုးချဲ့(၂) ထပ်ရုံးအဆောက်အဦအသစ် ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တိုးချဲ့ရုံးအဆာက်အဦအတွင်း လိုအပ်သော ရုံးသုံးပရိဘောဂများ ရရှိရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့အတွက် ထပ်မံလိုအပ်သော ဘဏ္ဍာငွေကို အချိန်မီလျာထား တင်ပြတောင်းခံသွားရန်နှင့် ရုံးပတ်ဝန်းကျင် စိမ်းစိုသာယာလှပအောင် ဆောင်ရွက်ထားရန် မှာကြားသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တုရေးရာ)အတွက် ဆောက်လုပ်နေသည့် RC (၃)ထပ်ရုံးသစ် တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦးစီးဌာန၊ တည်ဆောက်ရေး(၂)၊ အဆောက်အဦ အထူးအဖွဲ့(၄) တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်း၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရေး မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ဖမ်းဆီးရမိ ကျောက်စိမ်းများ ထိန်းသိမ်းစောင့်ရှောက်ထားသော နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ နိုင်ငံပိုင် (၅) ဧက ကျောက်စိမ်းသိုလှောင်ရုံများရှိ ဖမ်းဆီးရမိ ကျောက်စိမ်းများ သိုလှောင်ထားရှိမှုကို လည်းကောင်း၊ မြန်မာ့ကျောက်မျက် ရတနာပြပွဲများတွင် တင်ပြရောင်းချရန်အတွက် ကျောက်အတွဲများ ဖွဲ့စည်းထားရှိမှုကိုလည်းကောင်း၊ ယာယီလက်ခံသိမ်းဆည်းပေးထားသည့် ကျောက်စိမ်းများကို လုံခြုံမှု အာမခံအခန်းအတွင်း သိုလှောင်သိမ်းဆည်းထားရှိမှုများကိုလည်းကောင်း၊ ဝန်ကြီးဌာနနှင့် အကျိုးတူ ကျောက်စိမ်းတူးဖော်သည့်ကုမ္ပဏီများက အပ်နှံထားရှိသည့် (၁၅)ဧက ကျောက်စိမ်းသိုလှောင်ရုံများရှိ အကျိုးတူ ကျောက်စိမ်းများ သိုလှောင်ထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်