နေပြည်တော် ၃၁ ဇန်နဝါရီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် World Wide Fund for Nature (WWF) ၏အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Christy Williams ဦးဆောင်သော အဖွဲ့နှင့် ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသင်တန်းကျောင်း တည်ဆောက်မည့် မြောက်ဇာမရီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း မြေနေရာရွေးချယ်မှု၊ ဒီဇိုင်းနှင့် သင်ရိုးညွှန်းတမ်းပြင်ဆင်မှုနှင့် သင်တန်းဆရာရွေးချယ်မှု၊ သင်တန်းကျောင်း ဆောက်လုပ်ရန် အစီအစဉ်များ၊ တောဆင်များခိုးယူသတ်ဖြတ်ခံရမှု လျော့နည်းလာသည့် အောင်မြင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပါရီသဘောတူညီချက်အရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဘောင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့်လုပ်ငန်းစီမံချက်များအား နိုင်ငံတကာညီလာခံများ၌ ရှင်းလင်းတင်ပြနိုင်မည့် အခွင့်အလမ်းများ၊ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများတွင် ရေရှည်တည်တန့်စေရေး နည်းပညာ ဆိုင်ရာအကူအညီပေးမှုများ၊ တောရိုင်းတိရစ္ဆာန်နှင့် အစိတ်အပိုင်းများ ကုန်သွယ်မှုတားဆီးရေးအတွက် ဆက်နွယ်သည့်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ နားလည်မှုစာချွန်လွှာအား (၅)နှစ်သက်တမ်းတိုးဆောင်ရွက်ရန်တို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်