နေပြည်တော် ၁၀ ဖေဖော်ဝါရီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် Worldview International Foundation (WIF) မှ အထွေထွေအတွင်းရေးမှူး ချုပ် Dr. Arne Fjortoft နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒီရေတော စိုက်ပျိုးတည်ထောင်ခြင်း၏ အကျိုးရလဒ်များ၊ ကာဗွန် သိုလှောင်ထိန်းသိမ်းထားနိုင်မှု၊ သစ်တောမီးကာကွယ်နိုင်မှုနှင့် မုန်တိုင်းဒဏ်ကာကွယ်နိုင် သည့် အခြေအနေများ၊ ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရေခဲပြင်များအရည်ပျော်ခြင်းကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနှင့် ဒီရေတောများ၏ အခန်းကဏ္ဍများ၊ သစ်တောဦးစီးဌာနနှင့် WIF တို့ပူးပေါင်း၍ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ဒီရေတော ထိန်းသိမ်းမှုအခြေအနေများ၊ ဒီရေတောစိုက်ပျိုးတည်ထောင်သည့် နည်းစနစ်များ၊ စိုက်ပျိုးဧရိယာများ၊ ဒေသခံများ၏ လူမှုဘဝတိုးတက်ရေးဆောင်ရွက်ချက်များ၊ စွမ်းအားမြှင့်မီးဖို ဖြန့်ဝေနိုင်မှုများ၊ မွန်ပြည်နယ်အတွင်း ဒီရေတော ပြန်လည်စိုက်ပျိုးတည်ထောင်နိုင်မှုများ၊ ပင်လယ်မြက် ထိန်းသိမ်းရေးလုပ်ငန်းများအပါအဝင် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပုဂ္ဂလိကကဏ္ဍ ပါဝင်ဆောင်ရွက်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အလားအလာများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်