နေပြည်တော် နိုဝင်ဘာ ၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် နှင့် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဘားအံမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က တိုင်းရင်းသားဒေသများရှိ တိုင်းရင်းသားလူမျိုးများ အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် မိမိတို့တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများစည်းလုံးညီညွတ်မှ နိုင်ငံငြိမ်းချမ်းမည်၊ နိုင်ငံငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း။
လူငယ်များ၏ ပညာရေးကို ဦးစားပေးကြရမည်ဖြစ်ကြောင်း၊ “ပန်းခင်းစီမံချက်” အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် များစွာအရေးကြီးသဖြင့် တိုင်းရင်းသားများ အားလုံးဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ဝိုင်းဝန်းတည်ဆောက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ကရင်ပြည်နယ် အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကရင်၊ မွန်၊ ဗမာ၊ ပအိုဝ်းနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက အထွေထွေ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ထောက်ပံ့ငွေများ ပေးအပ်ပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်