နေပြည်တော်   ဇူလိုင် ၂

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ အတည်ပြုရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က  မဟာဗျူဟာရေးဆွဲရာတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် ကိုက်ညီရန် လိုအပ်ပါကြောင်း၊ မဟာဗျူဟာ၏ ရည်မှန်းချက်များသည် တိုင်းရင်းသားများအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့် အရေးများရရှိနိုင်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း များအတိုင်း ပြည့်ဝအောင်မြင်နိုင်ရေးတို့နှင့်အညီဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာတွင် ပါရှိသည့် အခန်းကဏ္ဍများကိုနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသားလူမျိုးများအကြား၊ ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ လျော့နည်းလာလိမ့်မည်ဟု မျှော်လင့်ရပါကြောင်း  ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခိုင်မာတိကျသော မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေးသည် အနာဂတ်လုပ်ငန်းစဉ်များအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ မဟာဗျူဟာ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ပါက တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှုရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ စတုတ္ထမူကြမ်းနှင့် စပ်လျဉ်း၍ နောက်ခံသမိုင်း၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် ဆက်လက်ဆောင်ရွက်မည့် အခန်းကဏ္ဍများကို ရှင်းလင်းတင်ပြပြီး ညှိနှိုင်းဆွေးနွေးပွဲကို အုပ်စု(၃)စုခွဲ၍ အွန်လိုင်းစနစ်ဖြင့် ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)