ရန်ကုန် အောက်တိုဘာ ၁၇
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် အများပြည်သူ အားလပ်ရက်များ၌ အပန်းဖြေ လာရောက်ရာတွင် ကုန်းလမ်းအပြင် ရေလမ်းဖြင့် လာရောက်လည်ပတ်နိုင်ရန်အတွက် ဆိပ်ခံဗောတံတားတစ်စင်းကို ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် Regal Strength Co.,Ltd က ငွေကျပ် (၄၄၉ ဒသမ ၅၀၅) သန်းဖြင့် တင်ဒါအောင်မြင်ကာ တာဝန်ယူ တည်ဆောက်ပေးလျက်ရှိသည်။ ထိုဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးပါက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) သို့ ကုန်းလမ်း၊ ရေလမ်းဖြင့် လမ်းနှစ်သွယ် ဝင်ရောက်နိုင်သည့်အတွက် အများပြည်သူ ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်တော့မည်ဖြစ်သည်။
အဆိုပါ ဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးမှုကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တို့သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် တည်ဆောက်သွားရန်၊ ရေထဲတွင် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ပြီး ကြံ့ခိုင်မှုရှိစေရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် စည်းစည်းလုံးလုံးနှင့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် လုပ်ဆောင်သွားကြရန်၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲများကို အောင်အောင်မြင်မြင် ဖြစ်စေရန်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများက အထွေထွေတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်