နေပြည်တော် ဖေဖော်ဝါရီ ၈

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းနှင့်အမှုထမ်းများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခန့်အပ်တာဝန်ပေးချက်အရ ယခုကဲ့သို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်ခြင်းဖြစ်ပါကြောင်း၊ ယခင်အချိန်များကလည်း တိုင်းပြည်၏ တာဝန်များကို ထမ်းဆောင် ခဲ့ဖူးသူဖြစ်ပြီး အထူးသဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆောင်ရွက်ခဲ့ရကြောင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေး အတွက်ကြိုးပမ်းလိုက်ပါ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ မိမိအနေဖြင့် အထူးပြောကြားလို သည်မှာ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အလျောက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေတွင်ပါရှိသည့်အတိုင်း ဥပဒေ ဘောင်အတွင်းနေထိုင်ရန်၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနှင့် အမိန့်ညွှန်ကြားချက်များ လိုက်နာရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းရန် မှာကြားလိုကြောင်း၊ ဝန်ထမ်းများစည်းလုံးညီညွတ်မှ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းနှင့် မိသားစုသဖွယ် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ အချုပ်အားဖြင့်ဆိုပါက ဝန်ထမ်းများအနေဖြင့် မိမိ၏ Identity ကို ယုံကြည်ရန်၊ မိမိအနေဖြင့်လည်း တိုင်းရင်းသားများအတွက် ဆောင်ရွက်သွားမည်ဟု ကတိ ပြုပါကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏လိုအပ်ချက်နှင့် အခက်အခဲများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးနိုင်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဝန်ထမ်းများက လိုအပ်သည်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်