နေပြည်တော် ၃၀ ဧပြီ
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ရခိုင်ပြည်နယ်ညွှန်ကြားရေး မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်အေး မောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ရုံးဝန်ထမ်းများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ကာလဆိုင်ရာ အုပ်ချုပ်ရေးကို အချိန်ကာလ သုံးလခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ စစ်မှန်၍ စည်းကမ်းပြည့်ဝပြီး ခိုင်မာ သည့် ဒီမိုကရေစီစနစ်ဖြစ်ရန်အတွက် လမ်းပြမြေပုံ (၅)ရပ် ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေးများတွင် အထူးတလည်မှာကြားသည်မှာလည်း လုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန်၊ လျက်ရှိဆောင်ရွက်နေဆဲလုပ်ငန်းစဉ်များကိုလည်း အမြန်ဆုံး ပြီးပြတ်အောင်ဆောင်ရွက်ရန်၊ လွတ်လပ် ၍တရားမျှတသော ရွေးကောက်ပွဲပြုလုပ်၍ ဖြစ်ပေါ်လာမည့်အစိုးရသစ်အတွက် အဆင်ပြေချောမွေ့အောင် စေတနာထားပြီး ဆောင်ရွက်ရန်လိုပါကြောင်း၊ ဆက်လက်၍ မိမိတို့ဝန်ကြီးဌာန၏ ကချင်၊ မကွေး၊ မြစ်ကြီးနား၊ ရှမ်းပြည်နယ်ရုံး ရုံးအဆောက်အအုံသစ်များကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း။
စည်းလုံးညီညွတ်ရန်လို မိမိတို့ဝန်ကြီးဌာန အမည်နာမကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဟု သတ်မှတ်ထားသည့်အတွက် အခြားဝန်ကြီးဌာနများနှင့် လုပ်ငန်းသဘာဝ ပိုမိုထူးခြားပြီး မိမိတို့ တိုင်းရင်းသားများ အတွက် ပိုမိုဆောင်ရွက်ရသော ဌာနဖြစ်ပါကြောင်း၊ ပြည်ထောင်စုအတွင်း နေထိုင်ကြသည့် တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်ရန်လိုပါကြောင်း၊ ဤဒေသကို ပိုမိုစည်းလုံးပြီး ဖွံ့ဖြိုးတိုးတက်အောင် မိမိဆန္ဒရှိ ပါကြောင်း၊ တိုင်းရင်းသားများ၏အဓိကဆန္ဒဖြစ်သော မျှမျှတတနှင့် တန်းတူညီမျှမှုရရှိရေးအတွက် မိမိတို့ဆောင်ရွက်နေပါကြောင်း၊ စုပေါင်းညီညာမှုမှသည် ငြိမ်းချမ်းရေးဆီသို့ ငြိမ်းချမ်းရေးဆီမှသည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ဆိုသည့်အတိုင်း စုပေါင်းအင်အားဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်၍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အမျိုးဘာသာ၊ စာပေ၊ စကားပျောက်ပျက်ပါက လူမျိုးပါပျောက်မည်ဖြစ်၍ မိမိတို့၏ စာပေစကား ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ထိုကဲ့သို့ လူမျိုးမပျောက်အောင် တိုင်းရင်းသားများ၏ စကား၊ စာပေယဉ်ကျေးမှုနှင့် အခွင့်အရေးတို့ကို ထိန်းသိမ်းကာကွယ်ပေးမည့် ဝန်ကြီးဌာနတစ်ခုဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ခန့်အပ်လျက်ရှိသော တိုင်းရင်းသား ဘာသာသင် TALT များ၏လုပ်အားခနှင့် ထောက်ပံ့ငွေများ တိုးမြှင့်ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပါတီစွဲပုဂ္ဂိုလ်စွဲ မထားဘဲ မိမိတို့လူမျိုး အကျိုးစီးပွားကို ဦးတည်ချက် ထားဆောင်ရွက်သွားရန်လိုပါကြောင်း၊ မိမိတို့ဒေသ လိုအပ်ချက်များကို ကျိုးကြောင်းခိုင်လုံစွာဖြင့် မိမိတို့ ညွှန်ကြားရေးမှူးရုံးမှတစ်ဆင့် တင်ပြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က နှုတ်ခွန်းဆက်ဝမ်းမြောက်စကား ပြောကြားသည်။
အထွေထွေဆွေးနွေးတင်ပြ
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲတက်ရောက်လာကြသည့် ရခိုင်၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်(သက္ကမ)။ မရမာကြီး၊ အရှို(ချင်း)၊ စုမ်းတူ(ချင်း)၊ လေးတူ(ချင်း)။ ဥ(ပ်)ပူးချင်းနှင့် လောက်တူချင်း စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက အထွေထွေဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဖြည့်စွက်ရှင်းလင်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယ ဝန်ကြီးတို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ထောက်ပံ့ငွေများ ပေးအပ်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးဝန်ထမ်းများနှင့် တွေ့ဆုံကာ စံပြရုံးအဖြစ် ဂုဏ်ပြုပြီး ဝန်ထမ်းများကို ထောက်ပံ့ငွေပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


