နေပြည်တော်၊ ၁၁  ဖေဖော်ဝါရီလ

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည်   ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန မြေညီထပ်၌ ခင်းကျင်းပြသထားသည့် ဝန်ကြီး ဌာနပြခန်းကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တိုင်းရင်းသားတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ် ဓလေ့ထုံးစံများ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ   တိုင်းရင်းသားများနှင့် စပ်လျဉ်းသည့် ပြခန်းအား ခင်းကျင်းပြသရခြင်း ဖြစ်ကြောင်း၊ ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် အဓိက လူမျိုးစုကြီး ၈ စုနှင့် သက်ဆိုင်သည့် ပြကွက်များ၊ တိုင်းရင်းသားမျိုးနွယ်စု ၅၀ နှင့် သက်ဆိုင်သည့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ ရိုးရာတူရိယာများ၊ အသုံးအဆောင်ပစ္စည်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးအား လိုက်လံရှင်းလင်းပြသသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ခင်းကျင်းပြသထားသော ပစ္စည်းများနှင့်စပ်လျဉ်း၍ စနစ်တကျ ရေရှည်ထိန်းသိမ်း စောင့်ရှောက်သွား‌နိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားသည်။

 

အဆိုပါ ပြခန်းတွင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးအသီးသီးတို့၏ ရိုးရာဝတ်စုံများ၊ တူရိယာများ၊ အသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသထားသည်ဖြစ်ရာ စိတ်ပါဝင်စားသူများအနေဖြင့် မည်သူမဆို ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်