နေပြည်တော်  ၃  သြဂုတ်

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် သြဂုတ် ၁ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ အမှတ် (၅) အထည်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် အမှတ် (၅) အထည်စက်ရုံ စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များ၊ ကုန်ထုတ်လုပ်မှု အခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများနှင့် ဝန်ထမ်းအင်အား အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။

 

mdn

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သမားရိုးကျချည်များ ထုတ်လုပ်နေရာမှ ဆန်းသစ်တီထွင်၍ ဈေးကွက်ဝင် ချည်အမျိုးမျိုးကို ဖန်တီးထုတ်လုပ်ပြီး သွင်းကုန်အစားထိုးစနစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်ရန်၊ ထုတ်ကုန်အရည်အသွေး တိုးတက်ကောင်းမွန်စေရေးအတွက် ကုန်ထုတ်လုပ်မှု နည်းစဉ်တစ်​လျှောက်အား တာဝန်ရှိသူ အဆင့်ဆင့်က တိတိကျကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်၊ ဈေးကွက်သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရန်၊  ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေးအတွက် အလေအလွင့်မရှိအောင် စနစ်တကျကြပ်မတ် ဆောင်ရွက်ရန်၊ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် စက်အားလုံး ပြုပြင်ထိန်းသိမ်ရေးလုပ်ငန်းများကို အစဉ်အမြဲ ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို စိတ်ဝင်တစားဖြင့် မှန်မှန်နှင့်မြန်မြန် ဆောင်ရွက်ရန်၊ စက်ရုံအား ပုဂ္ဂလိကနှင့်ပူးပေါင်း၍ (PPP) ဆောင်ရွက်ရာတွင် အဆင်သင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရှိရန်၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် စီမံချက်များရေးဆွဲ၍ ဇာတ်တိုက်လေ့ကျင့်ရန်နှင့် မီးငြိမ်းသတ်ရေး အထောက်အကူ ပစ္စည်းများအား အဆင်သင့် ပြင်ဆင်ထားရှိရန်၊ ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များ နှင့်အညီ လိုက်နာပြုမူ နေထိုင်ကြရန် မှာကြားပြီး စက်ရုံအတွင်း ချည်မျှင်များ ထုတ်လုပ်နေမှု အဆင့်ဆင့်၊ ကျောင်းစိမ်းလုံချည်နှင့် ခြင်ထောင်ဇာများ ရက်လုပ်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် သြဂုတ် ၂ ရက် မွန်းလွဲပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အမှတ်(၂) စက်မှုသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် အမှတ် (၂) စက်မှုသင်တန်းကျောင်း ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ ကာလတို သင်တန်းများ၊ စက်မှုနှင့်် အသက်မွေးပညာ ရွေ့လျားသင်တန်းများ ဖွင့်လှစ်ခဲ့မှု အခြေအနေနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်၊ သင်တန်သားများအား အမှန်တကယ် ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့် သင်ကြားပေးရန်နှင့် ယခုထက် ပိုမိုလက်ခံ သင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ သင်ထောက်ကူ ပစ္စည်းများကိုလည်း ပိုမိုပြည့်စုံအောင် ဖြည့်ဆည်းပေးရန်၊ သင်တန်းသားများ သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးရန်၊ လက်တွေ့နယ်ပယ်တွင် အမှန်တကယ် အသုံးပြုနိုင်သော ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးရန်၊ သင်တန်းသားများအား Certificate ပေးနေရာမှ Diploma လက်မှတ်ပေးနိုင်သည်အထိ စီမံဆောင်ရွက်ရန်၊ ခေတ်နှင့်အညီ တိုးတက်ဖြစ်ထွန်းနေသော နည်းပညာသစ်များကို လေ့ကျင့်သင်ကြားပေးနိုင်ရန် အတွက် Training of Trainer (TOT)  သင်တန်းများဖွင့်လှစ်ရန် လမ်းညွှန်မှာကြားပြီး သင်တန်းသားများ ပြုလုပ်ထားရှိသော ပုံစံငယ်များ ခင်းကျင်းပြသထားသည့် ပြခန်းနှင့် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

 

သတင်းစဉ်