နေပြည်တော်၊ ၁၁ ဒီဇင်ဘာ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည်IMF Mission Chief , Mr. Shanaka Jayanath Peiris နှင့်အဖွဲ့ကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီခွဲတွင် Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများကို ကုစားနိုင်ရေးအတွက် IMF မှ Rapid Credit Facility (RCF) နှင့် Rapid Financing Instrument (RFI) အစီအစဉ်များဖြင့် မြန်မာနိုင်ငံသို့ ချေးငွေအမေရိကန် ဒေါ်လာ သန်း (၇၀၀) ပံ့ပိုးပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းချေးငွေ အမေရိကန်ဒေါ်လာ သန်း (၇၀၀) အနက် ပထမအသုတ် သန်း (၃၅၀)ကို ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် သုံးစွဲခဲ့ပြီးဖြစ်၍ ဒုတိယအသုတ် အဖြစ် အမေရိကန်ဒေါ်လာ သန်း(၃၅၀)ကို ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်သုံးစွဲ နိုင်ရေး အတွက် Letter of Intent နှင့် MoU တို့ကို လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
ယင်းချေးငွေများကို ကိုဗစ်-၁၉ နှင့် ဆက်စပ်အသုံးစရိတ်များတွင် ထိရောက်စွာသုံးစွဲနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ G20 နိုင်ငံများကလည်း ကြွေးမြီပေးဆပ်ရမည့်ကာလအား ၂၀၂၀ ပြည့်နှစ်၊ မေလမှစ၍ ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းပေးခဲ့သည့်အပြင် ၂၀၂၁ ခုနှစ်၊ ဇွန်လကုန်အထိ နောက်ထပ် (၆)လ ထပ်မံရွှေ့ဆိုင်းပေးမည်ဟု ကြားသိရပါကြောင်း၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုနှင့် အခွန်စနစ် ပြုပြင် ပြောင်းလဲရေးများတွင် IMF ၏ နည်းပညာကူညီပံ့ပိုးမှုများဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် Fiscal Risk များအတွက် စီမံခန့်ခွဲရန်နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆက်လက်ပံ့ပိုးပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကာလအလွန်ဆောင်ရွက်မည့် Myanmar Economic Resilience and Reform Plan (MERRP) ကိုလည်း ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
IMF Mission Chief , Mr. Shanaka Jayanath Peiris က ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံအစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုများကို အားရကျေနပ်ပါကြောင်း၊ မြန်မာနိုင်ငံအတွက် IMF မှ RCF နှင့် RFI အစီအစဉ်များဖြင့် ပံ့ပိုးပေးမည့် ဒုတိယ အသုတ်ချေးငွေအမေရိကန်ဒေါ်လာ သန်း (၃၅၀) ထုတ်ချေးရေး ကိစ္စကို IMF Director Board အဖွဲ့မှ လာမည့်နှစ်၊ ဇန်နဝါရီလလယ်ခန့်တွင် အတည်ပြုဆုံးဖြတ်နိုင်ရေး တင်ပြပေးမည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာလအလွန်ဆောင်ရွက်မည့် စီမံချက်များကို လည်း ကြိုဆိုပါကြောင်း၊ IMF အနေဖြင့် ငွေကြေးပံ့ပိုးကူညီမှုများအပြင် နည်းပညာအကူအညီများကိုလည်း ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲဖြစ်သည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား IMF မှ ဆက်လက်ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကြုံတွေ့နိုင်သည့် Fiscal Risk များနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲနိုင်မည့် နည်းလမ်းများကို နိုင်ငံတကာ အတွေ့အကြုံကောင်းများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဖြစ်နိုင်ခြေရှိသော နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို အတူတကွ ရွေးချယ်ဆောင်ရွက်လိုပါကြောင်း ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


