နေပြည်တော် ၂၃   စက်တင်ဘာ

ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် သည် ယနေ့နံနက် ၁၀ နာရီ ခွဲတွင်  ရန်ကုန်မြို့  ဒဂုံမြို့နယ်  နဝဒေးလမ်းရှိ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank) ရုံးချုပ်၌ ဘဏ်မှ ဒါရိုက်တာများ၊ အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ နေထိုင်ရေး အဆင်ပြေစေရန် အိမ်ရာချေးငွေကဏ္ဍ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘဏ်ခွဲ (၁၄)ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဘဏ်၏ လုပ်ငန်းများ ၊ နည်းပညာများ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် ဒါရိုက်တာ အဖွဲ့အစည်းအဝေး (၁၀/၂၀၁၉) ကို ဆက်လက်ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင် အဖွဲ့ (CQHP) ရုံး အစည်းအဝေးခန်းမ၌ CQHP အဖွဲ့နှင့်တွေ့ဆုံရာ အဖွဲ့ဥက္ကဌ ဒေါက်တာ အောင်ကျော်မြတ်က CQHP ၏ လုပ်ငန်းတာဝန်များ၊ ပညာရှင်ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ အဖွဲ့၏ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍မှာကြားသည်။

အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ် စစ်ဆေးရေးပညာရှင်အဖွဲ့အနေဖြင့် အဓိကမြို့ကြီးများ၌ တည်ဆောက်မည့် (၁၂)ထပ်နှင့်အထက် အဆောက်အအုံများ ၊ (၁၂) ထပ်အောက်ဖြစ်သော်လည်း လူ(၅၀၀)နှင့်အထက် အသုံးပြုမည့် အများ ပြည်သူဆိုင်ရာအဆောက်အအုံများကို စံချိန် ၊ စံညွှန်းပြည့်ဝပြီး ခိုင်ခန့်မှု၊ အရည်အသွေးကောင်း မွန်မှုကို ကြီးကြပ်စစ်ဆေးနိုင်ရန် ဥက္ကဌအပါအဝင် အဖွဲ့ဝင် (၃၃)ဦးဖြင့်ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Yangon City Gallery တွင် ပြသထားသည့် မြို့ပြ အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ထားသော အိမ်ရာစီမံကိန်းပြခန်းများအား လှည့်လည် ကြည့်ရှုသည်။

(သတင်းစဉ်)

 

cc++bb++