သရက်ချောင်း  ၂၉ ဒီဇင်ဘာ  

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စုံစင် - ဂုံညှင်းဆိပ် ကျေးရွာ ချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက စုံစင်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တက်ရောက်ဖွင့်လှစ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်၊ ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်များအတွင်းမြေလမ်း(၃၄၄/ဝ)မိုင်၊ ကျောက်လမ်း(၁၄၅/၁)မိုင်၊ ကတ္တရာလမ်း(၂၆/၂)မိုင် ကွန်ကရစ်လမ်း(၂၃၂/၇)မိုင် စုစုပေါင်း(၇၈၄/၂) မိုင်နှင့်တံတား/ Box Culvert(၃၈၄)စင်းကို ပြည်ထောင်စု/တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။ ယင်းကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်အား ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဒေသခံပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

 

a

 

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင် က အမှာစကားပြောကြားသည်။ 

ယင်းနောက်ဒေသခံပြည်သူတစ်ဦးက ယခုလို ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့် လှစ်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ၎င်းကွန်ကရစ်လမ်းသစ်အား ရေရှည်တည်တံခိုင်မြဲ ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ကို ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့်တာဝန်ရှိသူများအား လမ်းဖွင့်ပွဲအထိမ်း အမှတ်အဖြစ် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းအမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

 

a

 

Alliance Resources ကုမ္ပဏီ၊ Mr Friday ကုမ္ပဏီနှင့် အောင်မိုးမြတ်ကုမ္ပဏီတို့မှ တာဝန်ယူ၍ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံငွေရင်းရန်ပုံငွေ ကျပ်(၂၃၄၂.ဝ၀)သန်းဖြင့် ခင်းခဲ့သော စုံစင် - ဂုံညှင်းဆိပ် ကွန်ကရစ်လမ်းသည် အရှည်(၈)မိုင်(၃)ဖာလုံရှိပြီး လမ်းအကျယ်မှာ (၁၂)ပေ ဖြစ်သည်။

စုံစင် - ဂုံညှင်းဆိပ် ကွန်ကရစ်လမ်းသည် လမ်းအဆင့် Class(A) ဦးစားပေးအဆင့်(၁) ရှိသောလမ်းဖြစ်သည်။ ထိုလမ်းသည် ပြည်ထောင်စုလမ်းမကြီးဖြစ်သော ထားဝယ် - မြိတ် လမ်းမကြီးမှ အဓိကခွဲထွက်သောလမ်းဖြစ်ပြီး စုံစင်ကျေးရွာ၊ မြလေးပြင်ကျေးရွာ၊ ချောင်းဝပြင်ကျေးရွာ၊ သရက်ပင်အိုင်ကျေးရွာ၊ ကျွဲရေအိုင်ကျေးရွာ၊ ရေချိုချောင်းကျေးရွာနှင့် ပင်လယ်ကမ်းစပ်ရှိ ဂုံညှင်းဆိပ်ကျေးရွာ၊ သဲလမ်းကျေးရွာတို့ကို ဆက်သွယ်ဖောက်လုပ်ထားသော လမ်းဖြစ်သည်။ မူလက (၁၄)ပေအကျယ် အမာခံလမ်းအမျိုးအစားဖြစ်ပြီး၊ အကျိုးပြုကျေးရွာ(၉)ရွာ၊ အိမ်ခြေ (၁၅၂၀) လုံး၊ လူဦးရေ (၁၂၆၀ဝ)ဦးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)