နေပြည်တော် ၁၁ မတ်
ဒုတိယအကြိမ် မြန်မာနိုင်ငံ ဗိသုကာကောင်စီ အလုပ်အမှုဆောင်များနှင့် ကောင်စီဝင်များ ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် တာဝန်ထမ်းဆောင်ခဲ့သည့် အလုပ်အမှုဆောင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဗိသုကာကောင်စီ နာယက ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဗိသုကာကောင်စီ အလုပ်အမှုဆောင်အဖွဲ့နှင့် ကောင်စီဝင်အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံဗိသုကာကောင်စီဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ဗိသုကာကျင့်ဝတ်နှင့် အရည်အသွေး ထိန်းသိမ်းမှုတိုးမြှင့်ရေး၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လမ်းညွှန်ကြပ်မတ်ရေး၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး နည်းစနစ်တကျ တာဝန်များကို ထမ်းဆောင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဗိသုကာကောင်စီ နာယက ပြည်ထောင်စုဝန်ကြီး၏ ရှေ့မှောက်တွင် ဗိသုကာကောင်စီ နည်းဥပဒေ ပုဒ်မ(၁၁)နှင့်အညီ ဗိသုကာကောင်စီဝင်များက ကျမ်းသစ္စာပြုကြပြီး မြန်မာနိုင်ငံဗိသုကာကောင်စီ ဥက္ကဋ္ဌ ဦးဆန်းဦးက ဗိသုကာကောင်စီ၏ လုပ်ငန်းစဉ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဗိသုကာကောင်စီ အခန်းကဏ္ဍများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပထမအကြိမ် မြန်မာနိုင်ငံ ဗိသုကာကောင်စီ၌ တာဝန်ထမ်းဆောင်ခဲ့ကြသူများ ကိုယ်စား ဗိသုကာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးမောင်သော်ထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
သတင်းစဉ်