နေပြည်တော် ၁၂ ဇန်နဝါရီ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - ပုသိမ်လမ်း (ရန်ကုန် - ညောင်တုန်းအပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ ခရိုင်အဖွဲ့၊ အထူးအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗိုလ်မြတ်ထွန်းတံတား ကြံ့ခိုင်မှုနှင့် ပန်းတနော် - ရွှေလောင်း - ဝါးခယ်မလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၅)မှ ရွှေလောင်းတံတား အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းခွင် ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက ရွှေလောင်းတံတားကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်နေမှု၊ ကြိုးတံတားဖျက်သိမ်းမည့် အစီအစဉ်၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးနေအောင်ရဲမြင့်က တံတားတည်ဆောက်ရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်ရေးအတွက် တံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ အဆင်ပြေရေးအတွက် ဇက်ရေယာဉ်စီစဉ်ပေးရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ရန်တို့ကို မှာကြားကြပြီး ရှင်းလင်းဆောင်ရှုရပ်မှ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝင်ကြီးသည် ပန်းတနော် - ရွှေလောင်း - ဝါးခယ်မ - ကျုံမငေး လမ်းပေါ်ရှိ ဝါးခယ်မတံတား ရှင်းလင်းဆောင်၌ တံတားအထူးအဖွဲ့(၁၅)မှ တာဝန်ရှိသူက တံတားအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များကိုမှာကြားပြီး တံတားအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းကွန်ယက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ပါဝင်သော လမ်းအမှတ်(၁၀) ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြ လမ်းပေါ်တွင် တံတားတည်ဆောက်ရေးအဖွဲ့(၂)မှ တည်ဆောက်နေသော အရှည်မီတာ (၇၂၀)ရှိ ကျွန်းပြဿဒ်တံတား တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကျွန်းပြဿဒ်တံတားသည် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်းပေါ်တွင် တည်ရှိပြီး တံတားပြီးစီးပါက ဘိုကလေးမြို့မှ မြောင်းမြမြို့သို့ အချိန်တိုအတွင်း သွားလာနိုင်မည့်အပြင် ကုန်စည်စီးဆင်းမှုလည်း သွက်လက်မြန်ဆန်လာမည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မ - မရမ်းချောင်း - မြောင်းမြ လမ်းပေါ်ရှိ ကျွန်းကုန်းကြိုးတံတားအနီးတွင် တံတားအသစ် တည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များကို မှာကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြိုးတံတားများ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ ကြိုးတံတား (၂၉)စင်းကို ဝန်ကြီးဌာနမှ အင်ဂျင်နီယာများနှင့် နိုင်ငံခြားမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းပြီး တိုင်းတာစစ်ဆေးခြင်းများ၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကြိုးတံတားများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန်နှင့် ပြည်သူများ လွယ်ကူအဆင်ပြေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး ဇက်ရေယာဉ်များ စီစဉ်ပေးထားကြောင်း သိရသည်။
(သတင်းစဉ်)
