နေပြည်တော် ၂၇   ဇန်နဝါရီ 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန် - ပုသိမ်လမ်း (ရန်ကုန်-ညောင်တုန်းလမ်းအပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ဗိုလ်မြတ်ထွန်းတံတားသို့ရောက်ရှိရာ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက တံတားတိုင်များ ရေတိုက်စားမှုမရှိရေးအတွက် ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ အမြဲမပြတ်စစ်ဆေးပြီး ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် - ပုသိမ်လမ်း မိုင်တိုင်အမှတ် (၇၃/၇)နှင့် (၇၄/၁)အကြားရှိ ကျောင်းကုန်းတံတား ကြံ့ခိုင်မှု၊ ပုသိမ် - မုံရွာလမ်းနှင့် ပုသိမ် - ကံကလေး - ရေကြည် လမ်းပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကြာမီဖွင့်လှစ်တော့မည့် ငဝန်တံတား (လေးမျက်နှာ) သို့ရောက်ရှိပြီး ရှင်းလင်းဆောင်၌ တံတားတည်ဆောက်ရေးအထူးအဖွဲ့(၁၆)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)က ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ လေးမျက်နှာ - ခတ္တူ -  ပန်းတောကြီးလမ်းပေါ်တွင် တည်ဆောက်ပြီးစီးသွားသည့် ကံကုန်းတံတား(ခတ္တူ)၊ နင်းကြမ်း တံတား၊ ပရဟိတတံတား၊ ထုံးပေါက်တံတား အမှတ်(၁)နှင့် (၂)၊ ငါးဒိန်တံတား၊ ပေါက်ပင်ရိုး တံတား၊ ပန်းတိမ်ကျော်တံတား၊ ဆီဆုန်ကုန်းတံတားနှင့် ပန်းတောကြီးတံတားများ တည်ဆောက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးသည် ယခင်က ရေလမ်းတစ်ခုတည်းကိုသာ အားထားခဲ့ရသည့်အတွက် သွားလာရေး အလွန်ခက်ခဲပါကြောင်း၊ ယခု တံတားများကို ကွန်ယက်သဖွယ် ဖောက်လုပ်ပေးထားသော လမ်းများကြောင့် သွားလာရေး လွယ်ကူ အဆင်ပြေပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍  လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်အောင် လမ်းအင်္ဂါရပ်များ နှင့်အညီ စေတနာထားဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တံတားအချောသပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ငဝန်တံတား(လေးမျက်နှာ)သည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ - ခတ္တူ - ပန်းတောကြီးလမ်းပေါ်တွင် တည်ရှိပြီး စုစုပေါင်းတံတားအရှည် ၁၉၆၈ ဒသမ ၆ ပေရှိ သည်။ တံတားကို အောက်ခံအုတ်မြစ် (၁ ဒသမ ၂) မီတာ Ø Bored Pile ၊ ကိုယ်ထည် RC Concrete ၊ အပေါ်ထည်ပင်မတံတား Steel Box Girder နှင့် RC Slab  တို့ဖြင့် တည်ဆောက် ထားပြီး ယာဉ်သွားလမ်း အကျယ်(၂၄)ပေ ၊ လူသွားလမ်းတစ်ဖက်လျှင် သုံးပေခြောက်လက်မစီ ပါရှိ၍ တံတားအောက်ရေလမ်း ကင်းလွတ်အကျယ် ၁၇၃ ပေ၊ အမြင့်ပေ ၂၀ ရှိကာ ယာဉ် တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ ၇၅ တန်ဖြစ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဟင်္သာတခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီး ဌာန၏ Pilot Project ဖြင့် ဆောင်ရွက်သော တာဂွ - ဘုရားကုန်း - ဓမ္ဘီလမ်း ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

 

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟင်္သာတမြို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးရုံး အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ (၄)ထပ်အဆောက်အဦ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  ဟင်္သာတ - ဇလွန်လမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှု၊ ကြိမ်ပင်ဆည် - စက္ကော - ဓနုဖြူ - ဇလွန်လမ်းအပိုင်း အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှု၊ ကားလမ်းနှင့် ရထားလမ်းပါရှိသော ဧရာဝတီတံတား (ညောင်တုန်း) ကြံ့ခိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။ 

 

(သတင်းစဉ်)

 

IMG_201901