နေပြည်တော်  ၂၄   ဖေဖော်ဝါရီ 

မဟာမဲခေါင်ဒေသခွဲ စင်္ကြံလမ်းတစ်လျှောက်ရှိ မြို့ဖြစ်သည့် (မော်လမြိုင်၊ ဘားအံ၊ မြဝတီ) မြို့များအနက် မြဝတီမြို့၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး အတွက် GMS Corridor Towns Development Project ကို Neighbouring Countries Economic Development Cooperation Agency (NEDA) ထံမှ ချေးငွေရယူမည့် အစီအစဉ်နှင့် စပ်လျဉ်းသည့် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို  ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မဟာမဲခေါင်ဒေသခွဲ အရှေ့ အနောက် စီးပွားရေးစင်္ကြံ လမ်းတစ်လျှောက်ရှိ  စီးပွားရေးအရ အရေးပါသောမြို့များဖြစ်သည့် မော်လမြိုင်မြို့၊ ဘားအံမြို့၊ မြဝတီမြို့များ၏ မြို့ပြဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ အကူအညီဖြင့် အကြိုလေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း။

 

‌ေ

 

အဆိုပါ ဆန်းစစ်လေ့လာမှုများအရ မော်လမြိုင်မြို့၊ ဘားအံမြို့နှင့် မြဝတီမြို့များ၏ မြို့ပြဖွံ့ဖြိုးရေးနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ချေးငွေအကူအညီ အမေရိကန်ဒေါ်လာ သန်း (၈၀) နှင့် NEDA ချေးငွေ အမေရိကန် ဒေါ်လာ (၂၄ ဒသမ ၃) သန်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

(ADB)ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်မည့် စီမံကိန်းမှာ မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ၊ ဘားအံမြို့နေ ပြည်သူများအတွက် မြို့ပြအခြေခံဝန်ဆောင်မှု လိုအပ်ချက်များဖြစ်သည့် ရေကောင်းရေသန့်ရရှိရေး၊ စနစ်တကျအမှိုက်စွန့်ပစ်ရေး၊ ပြည်သူ့ဝန်ထမ်းများအတွက်  စွမ်းဆောင်ရည်မြှင့်တင်ရေး  သင်တန်းများပေးခြင်း၊ မော်လမြိုင်မြို့ ရှေးဟောင်းအဆောက်အဦ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ ဘားအံစက်မှုဇုန်စီမံကိန်း ရေးဆွဲခြင်းနှင့် မြဝတီ-မဲဆောက် Joint Spatial DevelopmentPlan ရေးဆွဲခြင်း လုပ်ငန်းတို့ပါဝင်မည် ဖြစ်ပါကြောင်း။ လက်ရှိအချိန်တွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်မည့် အကြံပေးအဖွဲ့ (FCG Consultant)နှင့် လုပ်ငန်းအပ်နှံ စာချုပ်ချုပ်ဆိုပြီး စီမံကိန်းအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါကြောင်း။

 

‌ေ

 

NEDA ချေးငွေစီမံကိန်းမှာ ကရင်ပြည်နယ်၊ မြဝတီမြို့၏ အိမ်ထောင်စု (၁၄၀ဝ၀) အတွက် ရေကောင်းရေသန့် ရရှိရေး၊ (၉၈) ရာခိုင်နှုန်းအထိ လွှမ်းခြုံနိုင်မည့် စနစ်တကျ အမှိုက်သိမ်းဆည်း စွန့်ပစ်ရေးနှင့် ပြည်သူ့ဝန်ထမ်းများ အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများပေးခြင်းတို့ ပါဝင်မည် ဖြစ်ပါကြောင်း။

GMS Project အတွက် စီမံကိန်းကြီးကြပ်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Executing Agency (EA) အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ အစိုးရအဖွဲ့များမှ Implementing Agency (IA) များအဖြစ် ဆောင်ရွက်မည် ဖြစ်ပါကြောင်း။ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ခြင်းနှင့် ချေးငွေပြန်လည်ပေးဆပ်နိုင်ရေး အတွက်လည်း သက်ဆိုင်ရာ  PIU (Project Implementation Unit) များမှ PMU များ Consultant များနှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

‌ေ

 

ယခု ချေးငွေစီမံကိန်းများသည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်ရှိ ပြည်နယ်မြို့ကြီးများ၏ လူမှုစီးပွားနှင့် အခြေခံအဆောက်အဦကဏ္ဍအား တိုးတက်မြင့်မားစေပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်နံပါတ်(၁၁)ပါ မြို့ပြများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူဖြစ်စေသည့် စီမံကိန်း ဖြစ်ပါကြောင်း။ 

မြန်မာနိုင်ငံ၏ အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မြဝတီမြို့၏ မြို့ပြဖွံ့ဖြိုးရေးနှင့် အခြေခံ အဆောက်အဦဖွံ့ဖြိုးရေးစီမံကိန်းအား လုပ်ဆောင်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာခြင်း၊ စီးပွားရေးအခြေအနေများ ပိုမိုကောင်းမွန်လာခြင်းစသော အကျိုးကျေးဇူးများအပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း။

ယင်းစီမံကိန်းမှတဆင့် မြန်မာနိုင်ငံအတွင်း GMS Corridor အား တိုးချဲ့ပြီး စီးပွားရေးအရ အရေးပါသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ မြို့ပြနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုး ရေးလုပ်ငန်းများကို ဆင့်ပွားလုပ်ဆောင်သွားနိုင်မယ်လို့လည်း မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mrs. Suphatra Srimaitreephithak၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ NEDA မှ  Chairperson  Ms. Chularat Suteethom တို့က အမှာစကားပြောကြားကြသည်။

 

‌ေ

 

ယင်းနောက် မဟာမဲခေါင်ဒေသခွဲ စင်္ကြံလမ်းတစ်လျှောက်ရှိ မြို့ဖြစ်သော မြဝတီမြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှု  စီမံကိန်းအတွက်  ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်စီစီပြုံးနှင့် NEDA မှ President ဖြစ်သူ Mr. Perames Vudthitornetiraks တို့မှ လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ချေးငွေစီမံကိန်းသည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်ရှိ ပြည်နယ်မြို့ကြီးများ၏ လူမှုစီးပွားနှင့် အခြေခံအဆောက်အဦကဏ္ဍအား တိုးတက်မြင့်မားစေပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်နံပါတ် (၁၁) ပါ မြို့ပြများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူဖြစ်စေသည့် စီမံကိန်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏အဓိကနယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်သော မြဝတီမြို့၏မြို့ပြဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးစီမံကိန်းအား ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာခြင်း၊ စီးပွားရေးအခြေအနေများ ပိုမိုကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများအပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများလည်း တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)