နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် Geo Database Presentation ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးသစ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒချမှတ်လျက် ရည်မှန်းချက်(၄)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ခုနှစ် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး (၈၀ ရာခိုင်နှုန်း)နှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ (၉၀ ရာခိုင်နှုန်း) ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရေးမှာ အဓိကအချက်အဖြစ် ပါဝင်ပါကြောင်း။

 

မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အစိုးရသစ်လက်ထက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇ - ၂၀၁၈ မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်အထိ ကွန်ကရစ်လမ်း (၁၂၀၆)မိုင်၊ ကတ္တရာလမ်း (၉၈၂)မိုင်၊ ကျောက်ချောလမ်း (၁၅၆၆) မိုင်၊ ဂဝံလမ်း (၄၃၆၄) မိုင်၊ မြေသားလမ်း (၃၇၈၁) မိုင် စုစုပေါင်း (၁၀၉၉၉) မိုင်အတွက် စုစုပေါင်းရန်ပုံငွေ ကျပ် (၁၀၉၉ ဒသမ ၅၂၂) ဘီလျံ သုံးစွဲဆောင်ရွက်ခဲ့ပါကြောင်း။

 

ကျေးလက် လမ်း၊ တံတားများအား ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး / ပြည်နယ်ရန်ပုံငွေတို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (Kfw)၊ ကမ္ဘာဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဂျပန်နိုင်ငံပူးပေါင်ဆောင်ရွက်ရေးဆိုင်ရာ အေဂျင်စီ(JICA)တို့ဖြင့် ကျေးလက်လမ်း၊ တံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာမှာ စံချိန်စံညွှန်းမြင့်မားသော လမ်း၊ တံတားများအား ဒေသခံ ကျေးလက်နေပြည်သူများအတွက် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။

 

ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့် မြို့ပြတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာမှာ စံချိန်စံညွှန်းပြည့်မီသည့် ကျေးလက် လမ်း၊ တံတားများ ဖြစ်ပေါ်လာစေရေး တိုင်းဒေသကြီး / ပြည်နယ် ညွှန်ကြားရေးမှူးများ၏ ဆောင်ရွက်ချက်အပေါ် များစွာမူတည်နေသည့်အတွက် ညွှန်ကြားရေးမှူးများမှ မိမိတို့၏ အရည်အချင်းကို ပြည့်ပြည့်ဝဝအသုံးချပြီး အောင်မြင်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

ပြည်နယ်နှင့် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့်ဆင့် ဝန်ထမ်းများအနေနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ချမှတ်လမ်းညွှန်ပေးသည့် မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီပြီး ကုန်ကျစရိတ်နှင့် ထိုက်တန်သည့် ကျေးလက် လမ်း၊ တံတားများ ရရှိအောင် သတိပြုလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း။

 

ကျေးလက်လမ်း၊ တံတားများ စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အရည်အသွေး ကောင်းမွန်စေရေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် အဂတိတရားကင်းရှင်းစွာဖြင့် လုပ်ငန်းများအား ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များ၊ ဖွဲ့စည်းပုံနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးရန်နောင်က GIS နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းဦးက GIS နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် GIS လုပ်ငန်းများနှင့် ပတ်သက်၍ သရုပ်ပြရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် တိုင်းဒေသကြီး / ပြည်နယ် ညွှန်ကြားရေးမှူများက မိမိတို့တိုင်းဒေသကြီး / ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်