နေပြည်တော် ၂၆ အောက်တိုဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကိုရီးယား - မြန်မာ ချစ်ကြည်ရေးတံတား (ဒလ) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ကိုရီးယား - မြန်မာ ချစ်ကြည်ရေးတံတား(ဒလ) ရန်ကုန် ဘက်ခြမ်းနှင့် ဒလဘက်ခြမ်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်း ရေးအတွက် ဆောင်ရွက်ထားမှု၊ စီမံကိန်းလုပ်ငန်း အဆင့်ဆင့်ဆောင်ရွက်မှုတို့ကို ရှင်းလင်း တင်ပြပြီး ရန်ကုန်ဘက်ခြမ်းတွင် တာဝန်ယူဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းမှ တာဝန်ရှိသူက တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဓါတ်ပုံမှတ်တမ်းများဖြင့် ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ်ပြည်ထောင်စုဝန်ကြီးက ကိုရီးယား - မြန်မာချစ်ကြည်ရေးတံတား (ဒလ) ကို အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့်စံနမူနာပြတံတားကြီးအဖြစ် တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ တံတားတည်ဆောက်ရေးအဆင့်မြင့်နည်းပညာများ၊ ပုံစံထုတ်လုပ်ခြင်းနှင့်ကြီးကြပ်ခြင်း များကို မြန်မာအင်ဂျင်နီယာများကို လေ့လာဆောင်ရွက်စေမည်ဖြစ်ပါကြောင်း၊ တံတားတည်ဆောက် သည့် နေရာသည်ရေကြောင်းသွားလာမှုများသော ရန်ကုန်မြစ်နှင့်လူစည်ကားသော ရန်ကုန်မြို့တွင်းသို့ ဆက်သွယ်ထားသည့်အတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အထူးအလေးထားဆောင်ရွက် ရန်လိုပါကြောင်း၊ Sheet Pile များရိုက်ပြီးမှတံတားဘိုးပိုင်တူးပါက လူနေအိမ်များ၊ အဆောက်အဦများ ကို ထိခိုက်မှုမရှိစေပဲကာကွယ်ရာရောက်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအောင်မြင်ပြီးစီး ရေးအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း မှာကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအတွက် ကိုရီးယား -မြန်မာ ချစ်ကြည်ရေးတံတား(ဒလ)သည် အရေးပါသကဲ့သို့ နည်းပညာများဖလှယ်ခွင့်ရရှိပြီး တည်ဆောက်ရေး လုပ်ငန်းများအောင်မြင်စွာပြီးစီးရေးပူးပေါင်းကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် နှစ်နိုင်ငံတာဝန်ရှိသူများက တံတားတည်ဆောက်ရေးလုပ်ငန်းများ၊ ဆက်လက်ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့က လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ရန်ကုန်ဘက်ခြမ်း လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့်အဖွဲ့သည် ဒလဘက်ခြမ်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လူနေအိမ်များ၊ အဆောက်အဦများ အန္တရာယ်ကင်းရှင်းရေးအတွက် စက်ယန္တရားဖြင့် Sheet Pile ရိုက်နေမှုအခြေအနေ၊ ဒလဘက်ခြမ်း ဘိုးပိုင်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်နေမှု တို့ကိုကြည့်ရှုစစ်ဆေးသည်။
ကိုရီးယား - မြန်မာချစ်ကြည်ရေးတံတား (ဒလ) အမျိုးအစားမှာသံမဏိကြိုးဆိုင်းတံတား ဖြစ်ပြီး စုစုပေါင်းတံတားအရှည် (၁၈၇၂ ဒသမ ၅)မီတာ (၆၁၄၄)ပေ၊ ပင်မတံတားအရှည်(၅၉၀)မီတာ (၁၉၃၆) ပေရှိပြီး အကျယ်(၂၆ ဒသမ ၅)မီတာ (၈၇)ပေ ယာဉ်လေးလမ်းသွားဖြစ်သည်။ ရန်ကုန်ဘက်ကမ်းမှ ချဉ်းကပ်တံတားအရှည် (၆၁၇ ဒသမ ၅) မီတာ (၂၀၁၆)ပေ၊ အကျယ် (၁၄ ဒသမ ၃) မီတာ (၄၇)ပေ နှင့်ဒလ ဘက်မှချဉ်းကပ် တံတားအရှည် (၆၅၅) မီတာ (၂၁၈၂) ပေအကျယ် (၂၀ ဒသမ ၉)မီတာ (၆၈)ပေ ရှိသည်။ ဆင်ခြေလျှောတံတားမှာ (၇ ဒသမ ၁) မီတာ (၂၃)ပေတစ်လမ်းသွားဖြစ်သည်။ တံတား အောက်ရေလမ်းကင်းလွတ်အမြင့် (၄၉)မီတာ (၁၆၀)ပေ၊ ရေလမ်းကင်းလွတ်အကျယ် (၂၅၁)မီတာ (၈၂၄)ပေရှိပြီး တံတား၏ခံနိုင်ဝန်မှာ(၇၅) တန်ဖြစ်သည်။
အဆိုပါ တံတားကြီးပြီးစီးသွားပါက ဒလ ဘက်ကမ်းနေပြည်သူများ ရန်ကုန်မြို့သို့ အချိန်တို အတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်သကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


