နေပြည်တော် ၂၉ ဖေဖော်ဝါရီ
အပြည်ပြည်ဆိုင်ရာနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကော်မတီက ကြီးမှူးပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မော်တော်ယာဉ်ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ အင်ဂျင်နီယာပညာရှင်များ အသင်း (မြန်မာနိုင်ငံ)တို့ ပူးပေါင်းကျင်းပသည့် လျှပ်စစ်ယာဉ်နည်းပညာဆိုင်ရာဖိုရမ်ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး Function Hall ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယက ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် ဖိုရမ်၏ ဆောင်ပုဒ်မှာ “Automotive Engineering Technology Improvement” ဖြစ်ပြီး လျှပ်စစ်ယာဉ်နည်းပညာရပ်များကို ခေတ်နှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ကျင်းပရခြင်း ဖြစ်ကြောင်း၊ ဖိုရမ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျင်းပသော လျှပ်စစ်ယာဉ်နည်းပညာဆိုင်ရာ ဖိုရမ်ဖြစ်ပြီး ခေတ်မီအင်ဂျင်နီယာပညာရပ်ဖြစ်သည့် Electric Vehicle နည်းပညာနှင့် ဆက်စပ် နည်းပညာများကို ဖော်ထုတ်ဆွေးနွေးသွားမည်ဟု သိရပါကြောင်း၊ ဖိုရမ်ဖြစ်မြောက်အောင် စီစဉ် ဆောင်ရွက်ပေးသူများကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် ဆက်လက်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ဖိုရမ်နှင့် ဆွေးနွေးပွဲများတွင် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာချာလီသန်းက ဖိုရမ်ကျင်းပရခြင်းကို ရှင်းလင်းတင်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မော်တော်ယာဉ်သစ်အမျိုးမျိုးနှင့် လျှပ်စစ်မော်တော်ယာဉ်များ ခင်းကျင်းပြသထားမှုကို ကြည့်ရှုကြသည်။
သတင်းစဉ်


