နေပြည်တော် ၃၀ မေ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ အဆောက်အဦ၊ လမ်း၊ တံတား၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမှ Video Conferencing ဖြင့် ချိတ်ဆက်၍ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် “လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး”၊ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းတိုးတက်မှု၊ ကိုဗစ်-၁၉ ကာလအလွန် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များ၊ မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားသည်။

 

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစံမင်းအောင်က မကွေးတိုင်းဒေသကြီးအတွင်း လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းတိုးတက်မှု အခြေအနေ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတား အခြေအနေနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေတို့ကို Video Clip ဖြင့်ပြသသည်။

 

ထို့နောက် တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၃) မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဌေးအောင်က ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ တံတားတည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေးပြည့်မီရေးအတွက် စမ်းသပ်ဆောက်ရွက်ထားရှိမှုများ၊ လုပ်ငန်းခွင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။

 

ထို့နောက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၅) မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ညိုက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လုပ်ငန်းများဆောင်ရွက်နေမှု၊ မင်းဘူး- ပွင့်ဖြူ- စလင်း- တညောင်- ဆိပ်ဖြူလမ်းပေါ်ရှိ အရှည်ပေ (၁၃၀၀) မုန်းချောင်းတံတား(ပွင့်ဖြူ)နှင့် ပခုက္ကူ-ဆိပ်ဖြူ လမ်းပေါ်ရှိ အရှည်ပေ (၉၀၀) ယောချောင်းတံတား(ကံတွင်း) တည်ဆောက်ပြီးစီး၍ ဖွင့်လှစ်ပြီးစီးမှု၊ မင်းဘူး- ပွင့်ဖြူ- စလင်း- တညောင်- ဆိပ်ဖြူလမ်းပေါ်ရှိ အရှည်ပေ (၁၄၂၀) နွယ်တမယ်တံတား တည်ဆောက်နေမှု၊ ပုသိမ်-မုံရွာလမ်းပေါ်ရှိ အရှည်ပေ (၄၂၀) မန်းချောင်းတံတား တည်ဆောက်ပြီးစီးမှု၊ တိုင်းဒေသကြီးအတွင်းရှိ တံတား (၉)စင်း တည်ဆောက်နေမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တံတားတည်ဆောက်ပြီးစီးမှု၊ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။

 

ယင်းနောက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၃)မှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးတင်နိုင်ကိုကိုက မကွေးတိုင်းအတွင်းရှိ တည်ဆောက်ပြီးစီးသော တံတားများ၊ တည်ဆောက်ဆဲ တံတားများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။

 

ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းစန်းလှိုင်က မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆောက်ရွက်လျက်ရှိသော ကျေးလက်လမ်း/ တံတားလုပ်ငန်းများ၊ Pilot Project  ဖြင့် ဆောက်ရွက်လျက်ရှိသော ဂွေးကုန်း- ဝက်ချုပ်- နက်မောက်လမ်း (ရေနံချောင်းမြို့နယ်အပိုင်း) နှင့် (နတ်မောက်မြို့နယ်အပိုင်း) (၂၉/၇)မိုင်အား‌ ကတ္တရာခင်းခြင်းလုပ်ငန်း၊ မြို့သစ်မြို့နယ်၊ မြို့သစ်-မကြီးချိုလမ်း (၂/၄)မိုင်အား ကတ္တရာခြင်းခြင်းလုပ်ငန်းနှင့် မင်းဘူးမြို့နယ်၊ မင်းဘူး-ကျောက်တန်းလမ်းမှ ရေးတွင်းကုန်းကျေးရွာ ဆက်သွယ်သောလမ်းပေါ်ရှိ ဆားဗွက်ချောင်းတံတား Submersible Bridge ပေ (၄၃၀) တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ ကံမမြို့နယ်၊ ရေနံ့သာ-ကျီးမီးလမ်း (၄/၂) မိုင်အား ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် ၎င်းပေါ်ရှိ သံကူကွန်ကရစ်တံတား  (၆၅) ပေ (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစကြိုမြို့နယ်၊ တောင်အို-ရှင်မတောင်လမ်း (၁) မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း၊ မောက္ကလန်ကျေးရွာမှ ကိုရင့်လမ်းပေါ်ရှိ ကွန်ကရစ်ရေကျော် ပေ (၁၀၀) (၁) စင်း တည်ဆောက်ခြင်းနှင့် ပခန်းငယ်-ကြူရွာလမ်း (၃/၅) မိုင် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ချောက်မြို့နယ်၊ မြေနီလိန်- စွယ်ပေါက္ကံ- (ချောက်-မကွေး) လမ်း (၁)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း၊ ဂန့်ဂေါမြို့နယ်၊ ပဆင- တောင်ခင်ရန်း- သာလင်း- မြင်သားလမ်းပေါ်ရှိ မြစ်သာမြစ်ကူး ဘေလီတံတား ပေ (၈၁၀) တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပေါက်မြို့နယ်၊ ကျွန်းရင်း-လယ်သာဝလမ်း ပေ (၁၀၀) ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း၊ ကျွန်းရင်း-လယ်သာဝလမ်း (ဆိပ်ဖြူနယ်စပ်) (၁/၄) မိုင်အား ပေ(၄၀) အကျယ် လမ်းတာချဲ့ခြင်းလုပ်ငန်း၊ သမားတော်- ထန်းပေါက်ကုန်း- ကျောက်တိုင်ခင်း လမ်း (၅/၄) မိုင်အား (၂၄) ပေအကျယ် လမ်းတာချဲ့ခြင်းလုပ်ငန်း၊ မြိုင်မြို့နယ်၊ ကွမ်းတော- ကံကြီးတော- ထနောင်းခလှ- လက်ဆည်ကန်- ဒေါင်းအိုကြီး- ဝါးသုံးအိုင်- မကျီးစုလမ်း (၁၀/၆) မိုင် မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေတို့ကို Video Clip ဖြင့်ပြသသည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် အိမ်ရာစီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် အိမ်ရာစီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၅) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုးက မကွေးမြို့၊ ပြည်သူ့ဆေးရုံတိုးချဲ့ (၅)ထပ်ဆောင် တည်ဆောက်ပြီးစီးမှု၊ ခြံစည်းရိုးနှင့် ယာဉ်ရပ်နားနေရာ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော အဆောက်အဦစီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က မကွေးတိုင်းဒေသကြီးအတွင်း ဆောက်ရွက်နေသည့် အဆောက်အဦ၊ လမ်း၊ တံတားနှင့် ကျေးလက်လမ်း/တံတားများ တိုးတက်လာသည်ကို တွေ့မြင်ရပါကြောင်း၊ ဆက်လက်၍ လုပ်ငန်းများတိုးတက်ရန်နှင့် အရည်အသွေးပြည့်မီရန် ဆောင်ရွက်စေလိုကြောင်း၊ အိမ်ရာစီမံကိန်းလုပ်ငန်းများနှင့် အဆောက်အဦလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ မိုးရွာလျင် ရေစီးရေလာ ကောင်းမွန်ရေး တာဝန်ရှိသူများမှ ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးပေးရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီး စိမ်းလန်းစိုပြည်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းညှိနှိုင်းပြီး လမ်းဘေးဝဲယာတွင် သစ်ပင်များစိုက်ပျိုးပေးစေလိုကြောင်း၊ လမ်းပမ်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

 

သတင်းစဉ်