နေပြည်တော် ၁၅ မတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေးစီမံကိန်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့သို့ ကြည့်ရှုစစ်ဆေးစဉ် စီမံကိန်းရှင်းလင်းဆောင်၌ တံတားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက တံတားတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု၊ ပင်မတံတား ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Temporary Bridge နှင့် Working Platform များ ဆောင်ရွက်ထားရှိမှု၊ GS Engineering & Construction Corporation မှ Project Director Mr.Yun Ho Cho က ရန်ကုန်နှင့် ဒလဘက်ခြမ်းတို့တွင် လုပ်ငန်းဆောင်ရွက်မှု၊ ပင်မတံတားလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်နေမှု၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရေလည်ပင်မတံတားကြီး၏ ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ရန်နှင့် ဘိုးပိုင်လုပ်ငန်းများကို သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပင်မတံတား ဘိုးပိုင်တူးဖော်ရန်အတွက် ရန်ကုန်ဘက်ခြမ်း လုပ်ငန်းဆောင်ရွက်နေမှု၊ ရန်ကုန်မြစ်အတွင်းရှိ သင်္ဘောကြီး/ငယ်များ အန္တရာယ် ကင်းရှင်းရေးအတွက် သတိပေး၊ အသိပေး အချက်ပြအမှတ်အသားများ ဆောင်ရွက်ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားသည် ရန်ကုန်မြစ်ကို ဖြတ်ကျော်ကာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့ရှိ ဗိုလ်မင်းရောင်လမ်းမကြီးတို့ကို ဆက်သွယ်ထားကာ စုစုပေါင်းတံတားအရှည် ၁၈၆၇ မီတာ၊ ယာဉ်သွားလမ်း အကျယ် ၂၆ ဒသမ ၅ မီတာ (လေးလမ်းသွား)၊ တံတားအမျိုးအစားမှာ အောက်ထည် - ဘိုးပိုင် အုတ်မြစ်၊ ကိုယ်ထည်သံကူကွန်ကရစ်နှင့် အပေါ်ထည် သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်သည်။
တံတားကြီးပြီးစီးပါက ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို အချိန်တိုအတွင်း သွားလာနိုင်မည့်အပြင် ဧရာဝတီတိုင်းဒေသကြီးသို့ ဒလ - တွံတေး - ကော့မှူး - ကွမ်းခြံကုန်း - ဒေးဒရဲ - ဖျာပုံ - ဘိုကလေးလမ်းမှ အလွယ်တကူ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


