နေပြည်တော်  ၂၈  အောက်တိုဘာ

 

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ဒုတိယသုံးလပတ် စုံညီအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ခရေပင်လမ်း အမှတ်(၅/က)ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ (၂၈) ရက်မှာ သတ်မှတ်ပြဌာန်းထားသည့် ဉပဒေနှင့်အညီ ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ စတင်အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ  ဒုတိယသက်တမ်း၏ တတိယနှစ်ပင် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ အဓိကရည်ရွယ်ချက်များဖြစ်သည့် “မြန်မာနိုင်ငံသား အင်ဂျင်နီယာများ၊ ဘွဲ့ရ နည်းပညာကျွမ်းကျင်သူများနှင့် နည်းပညာကျွမ်းကျင်သူများ၏ ဂုဏ်သိက္ခာ၊ ကျင့်ဝတ်နှင့် အရည်အသွေးတို့ကို ထိန်းသိမ်းမြှင့်တင်ရန်”  ဖြစ်ပါကြောင်း။ “နည်းပညာနှင့် သတင်းအချက်အလက် နည်းပညာများ ပေါင်းစပ်အသုံးချပြီး နိုင်ငံ၏ သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်များအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် အကျိုးရှိစွာအသုံးချနိုင်မည့် နည်းလမ်းကောင်းများ၊ သုတေသနများ ရှာဖွေဖော်ထုတ်ရန်” လိုပါကြောင်း။ “အင်ဂျင်နီယာ ဝန်ဆောင်မှုလုပ်ငန်းများတွင် စံချိန်စံညွှန်းပြည့်မှီရေး၊ နည်းစနစ်မှန်ကန်ရေး ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျင့်ဝတ် သိက္ခာထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စည်းကမ်းစနစ်တကျ ဖြစ်စေရေးအတွက် လမ်းညွှန်ကြပ်မတ်ထိန်းသိမ်းရေး ဆောင်ရွက်ရန် ” လိုပါကြောင်း။ 

 

အင်ဂျင်နီယာပညာရပ်ဆိုင်ရာကုမ္ပဏီများ မှတ်ပုံတင်အရည်အချင်းအဆင့် သတ်မှတ်ပေးခြင်းကိုလည်း ကုမ္ပဏီပေါင်း ၃၂၀ အထိ စိစစ်သတ်မှတ် ပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီသည် နိုင်ငံတကာနယ်ပယ်တွင် ဒေသတွင်းသာမက ကမ္ဘာ့အဆင့်အထိ ကာလတို (၇)နှစ်အတွင်း တက်လှမ်းနိုင်မှုကိုလည်း ဂုဏ်ယူပါကြောင်း။

 

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏လုပ်ငန်းများ အောင်မြင်ရေး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေး အရည်အသွေးမြင့် မှတ်ပုံတင်အင်ဂျင်နီယာများဘွဲ့ရ နည်းပညာကျွမ်းကျင်သူနှင့် နည်းပညာကျွမ်းကျင်သူများ ပေါ်ထွန်းရေး၊ တိုင်းကျိုးပြည်ပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေကြောင်း တိုက်တွန်းပြောကြားသည်။ 

 

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဉက္ကဋ္ဌ ဒေါက်တာချာလီသန်းက ၂၀၂၀ ပြည့်နှစ် ဇွန်လမှ အောက်တိုဘာ လအတွင်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Power Point  ဖြင့် ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ယနေ့ကျင်းပသည့် ဒုတိယသုံးလပတ်စုံညီ အစည်းအဝေးတွင် လစ်လပ်သွားသော ကောင်စီဝင်များနေရာတွင် တွဲဘက်အတွင်းရေးမှူး (၁)အဖြစ် အတည်ပြုခန့်ထားခြင်း၊ ကောင်စီဝင်နေရာတွင် အသစ်အစားထိုးရွေးချယ်ခန့်ထားခြင်းနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး အစားထိုး ရွေးချယ်ခြင်းတို့ကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပြီး ကောင်စီနာယကများ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုကြသည်။

 

ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ “တွဲဘက်အတွင်းရေးမှူး (၂)”က ပထမ(၃)လပတ် စုံညီအစည်းအဝေး မှတ်တမ်းအား အတည်ပြုခြင်း၊ “လုပ်ငန်းကော်မတီဥက္ကဋ္ဌ” များက ပထမ(၃)လပတ် စုံညီအစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြမှုတို့အပေါ် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီနာယကကြီးများက ကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ တိုးတက်အောင်မြင်ရေး မှာကြားသည်။ 

 

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့် သက်တမ်း(၇)နှစ်အတွင်းမှာ အလုပ်သင်  နည်းပညာကျွမ်းကျင်သူ (ATech) ၂၅၅ ဉီး၊ အလုပ်သင်ဘွဲ့ရ နည်းပညာကျွမ်းကျင်သူ (AGTech) ၁၄၅ ဦး၊ အလုပ်သင်အင်ဂျင်နီယာ(AE) ၁၁၆၃၁ ဦး၊ မှတ်ပုံတင်အင်ဂျင်နီယာ(RE) ၈၄၃၄ ဦး၊ မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာ(RSE) ၈၄၃၄ ဦး၊ မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာ(RSE) ၃၇၂၂ ဦး၊ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်(PE) ၁၁၂၅ ဦး၊ အာဆီယံ ပဋိညာဉ်ခံ အင်ဂျင်နီယာ ပညာရှင်(ACPE) ၆၀၂ ဦး၊ မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာပညာရှင်(REPE) ၁၀ ဦး၊ မှတ်ပုံတင် ကန့်သတ်အင်ဂျင်နီယာပညာရှင်(RLPE) ၂၂ ဦး၊ မှတ်ပုံတင်ကန့်သတ်အင်ဂျင်နီယာ(RLE) ၅ ဦး၊ စုစုပေါင်း ၂၅၉၅၁ ဦးတို့ကို မှတ်ပုံတင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်