နေပြည်တော် ၁၄ ဒီဇင်ဘာ
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ကြီးမှူးကျင်းပသည့် အသိအမှတ်ပြု လက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး Function Hall ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယက ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယနေ့ လက်မှတ်ချီးမြှင့်ပေးအပ်ခြင်းနှင့်အတူ အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများကို တရားဝင်လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းဖြစ်ပြီး၊ အင်ဂျင်နီယာ ပညာရှင်များအနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေပုဒ်မ ၃ အပိုဒ်ခွဲ(ဂ)နှင့်အညီ မိမိတို့၏ အင်ဂျင်နီယာဝန်ဆောင်မှု လုပ်ငန်းများတွင် သတ်မှတ်ထားသော ပညာရပ်ဆိုင်ရာ စံချိန်စံညွှန်း ပြည့်မီရန်၊ နည်းစနစ်မှန်ကန်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းရန်၊ ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းစောင့်စည်းရန်နှင့် တာဝန်ကျေပွန်ရန် စသည့် လိုအပ်ချက်များ ပြည့်စုံအောင် ကြိုးစားအားထုတ်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒဿမအကြိမ် အာဆီယံပဋိညာဉ်ခံ အင်ဂျင်နီယာပညာရှင်လက်မှတ်၊ ဆဌမအကြိမ် မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာပညာရှင်လက်မှတ်၊ ပထမအကြိမ် မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာလက်မှတ်၊ ဒဿမအကြိမ် မှတ်ပုံတင်အင်ဂျင်နီယာ ပညာရှင်လက်မှတ်၊ အဌမအကြိမ် မှတ်ပုံတင်အကြီးတန်း အင်ဂျင်နီယာလက်မှတ်၊ စတုတ္ထအကြိမ် အင်ဂျင်နီယာဘွဲ့သင်တန်း အရည်အသွေး စိစစ်အသိအမှတ်ပြုလက်မှတ်နှင့် နဝမအကြိမ် ကုမ္ပဏီအဆင့် သတ်မှတ်ချက် အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းတို့ကို အစီအစဉ်အတိုင်း ကျင်းပသည်။
ယနေ့အခမ်းအနားတွင် အနာဂတ် မြန်မာနိုင်ငံ အင်ဂျင်နီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ဒသမအကြိမ် အာဆီယံပဋိညာဉ်ခံ အင်ဂျင်နီယာပညာရှင် ၈၉ ဦး၊ ဒဿမအကြိမ် မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် ၆၁ ဦး၊ အဌမအကြိမ် မှတ်ပုံတင်အကြီးတန်း အင်ဂျင်နီယာ ၁၆၄ ဦး၊ ဆဌမအကြိမ် မှတ်ပုံတင် ကန့်သတ်အင်ဂျင်နီယာပညာရှင် ၃ ဦးနှင့် ပထမအကြိမ် မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာ ၄ ဦးတို့ကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


